
အဟောင်း အဟောင်းတို့ မည်သည် အသစ် အသစ် တို့ ဖြစ်ပေါ်ဖို့ရန် အတွက် ပျက်စီးခြင်း ရင့်ရော် အိုမင်းခြင်း စသော လောက နိယာမ အရ နေရာ ဖယ်ပေးကြ ရ၏။ အသစ် အသစ်သော အရာတို့သည်လည်း အဟောင်းတို့ရဲ့ နေရာ၌ ကိုယ်စားပြုကာ ၀င်ရောက် နေရာယူ ပေးကြ၏။ ဤသည်မှာ လောက၏ သဘာဝ နိယာမ ဖြစ်၏ ။ ထို့အတူပင် ဘုရားရှင် အဆူဆူတို့ ပွင့်တော်မူရာ အိန္ဒိယ နိုင်ငံ ဗုဒ္ဓဂါယာ၌ တည်ရှိလျက်ရှိသော မဟာ ဗောဓိညောင်ပင်ကြီး၏ ညောင်ရွက်တို့သည် ယခု အချိန်အခါမှာ ရွက်ဟောင်း ကြွေပြီးခါစ ဖြစ်သည့် အလျောက် လန်းဆန်းပြီး ကျက်သရေရှိ၍ လက်ခနဲ လက်ခနဲနှင့် အရောင်တ၀င့်ဝင့် ထိန်လင်းစွာ လွန်စွာပင် တင့်တယ်တောက်ပ နေကြသည်။ အသက်မရှိတဲ့ သစ်ပင် ပင် ဖြစ်လင့်ကစား ကမ္ဘာ တ၀ှန်းလုံးရှိ သစ်ပင် အပေါင်းတို့ထက် ထူခြားဆန်းကြယ်ခြင်း စသော ဂုဏ်ပေါင်းခလျက် လန်းဆန်းဝင့်ထယ်စွာ မားမာ မတ်မတ် တည်ရှိ လျက်ဖြစ်၏။ ကမ္ဘာ တ၀ှန်းလုံးမှ ပူဇော်မည့်သူ လေ့လာမည်သူ စိတ်ဝင်စားသူ များလာရောက်ပြီး ပူဇာကရဏ လုပ်သူကလုပ် လေ့လာသူက လေ့လာဖြင့် အံသြဖွယ်ရာ စိတ်ကြည်နူးဖွယ်ရာ အဖြစ်ဖြင့် ဘုရားရှင်ကိုယ်စား သက်သေပြုကာ ပူဇော်အထူးကို ခံယူပြီး ကမ္ဘာ့အလယ် ကျက်သရေရှိ၍ တင့်တယ်ပါပေစွ တကားလို့ စာရေးသူ စဉ်းစားမိ၏ ။ စာရေးသူ အနေဖြင့် ပုံမှန် ဗောဓိညောင်ပင်အောက် ရောက်တိုင်း အမိမြန်မာပြည်ကို တမ်းတ အောက်မေ့ ရပါတယ် ။ ဒီနေ့ ဒီအခါ သည်ကား မြန်မာတို့ရဲ့ နှစ်သစ် နှစ်ဦးပါတကား လို့သတိရ တမ်းတ လွမ်းဆွတ် မိပါတော့တယ်။ မြန်မာ့ ရိုးရာ သင်္ကြန်နှစ်သစ် မင်္ဂလာ အခါတော်သည်လည်း နှစ်ဟောင်းမှ အဟောင်း အဟောင်း သာ အရာတို့ကို ပယ်စွန့်ခြင်း မကောင်းမှူ ဒုစရိုက် တို့ကို သုတ်သင်ရှင်းလင်း ဆေးကြောပေးခြင်း စသော မွန်မြတ်သော ဦးတည်ချက်ဖြင့် ပြုလုပ်လာခဲ့ ကြသည်မှာ ရှေ့ပဝေသဏီက ပင်ဖြစ်၏။ စာရေးသူ အပါအ၀င် အားလုံးသော ပုထုဇဉ်တို့ရဲ့စိတ်အစဉ်မှာ တစ်နေ့တစ်နေ့ ထူထပ်နေသော ညစ်ပတ် ပေကျံနေသော မုန်းတီးခြင်း မနာလိုခြင်း သ၀န်တိုခြင်း မတရား ရယူလိုခြင်း မသိမိုက်မဲခြင်း တွေဝေ ငေးမော ခြင်း မိဘ ဆရာသမားတို့ကို အပြစ်မှားခြင်း စသော ညစ်ပတ်ပေကျံ ၍ မကောင်းသောစိတ် ၊ ကောက်ကျစ် စဉ်းလဲသော အကုသိုလ် အညစ် ကြေးများကို နှစ်သစ်ကို ဗဟိုပြု နိုင်းယှဉ်ကာ မိမိတို့ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်း မှ ညစ်ပေလာသော အကုသိုလ် မကောင်းမှူ့များကို စွမ်းနိုင် သမျှ ဆေးကြောပေးမယ်ဆိုရင် နှစ်သစ်ဟာ ကိုယ့်အတွက် တကယ် မင်္ဂလာ ရှိတဲ့ အချိန်ဖြစ်ပါတယ်။ နှစ်ဟောင်းရဲ့ အညစ်ဟောင်းများကို နှစ်သစ်မှာ စိတ်သစ် လူသစ် ဘ၀သစ် ကလေးများ ပြုလုပ် နိုင်ပါမည်ဆိုပါက အကျွန်ုပ်တို့ အတွက် နှစ်သစ်သည် စစ်မှန်သော ပျော်ရွင်မှူ တို့ဖြင့် လန်းဆန်းဝေဖြာ ကျက်သေရေ ရှိလိမ့်မည် ဟုမျှော်လင့် ရတော့၏ ။ လူဘ၀ ဆိုတာ တန်ဖိုး ရှိတဲ့ ဘ၀ အနှစ်သာရပြည့်ဝ တဲ့ဘ၀ ဖြစ်တယ်လို့ မြတ်ဗုဒ္ဓ ဟောကြားခဲ့လေ၏ ။ လူဘ၀ဟူသည် တန်းဖိုးကြီးတဲ့ ရတနာ ရွေသေတ္တာ နှင့် အလား တူ၏ ။ အဘယ်ကြောင့် ဆိုသော် တန်ဖိုး ကြီးသော ရတနာသေတ္တာ၌ အဖိုးတန်းပစ္စည်း များကို သိမ်းဆည်း သိုလောင်ပါမှ တင့်တယ် သင့်လျော်လျောက်ပတ်၏ ။ ညစ်ပေနေသော အ၀တ်စုတ်၊ ဖိနပ်စုတ် ကဲသို့သော တန်ဖိုးမဲ့ ပစ္စည်းတို့ ထားသိုရာ နေရာ မဟုတ်ပေ ။ ထို့ အတူ အကျွန်ုပ်တို့၏ ဘ၀ သည်လည်း အကုသိုလ် အညစ် အကြေးတို့ ရဲ့ တည်နေရာ မစင်တွင်းပမာ မဖြစ်သင့်ပေ ။ ထို့ကြောင့် နှစ်သစ်မှာ ပျော်ရွင်မှူနှင့် ငြိမ်းချမ်းမှူ ကို သင်ဘယ်လို အဖြေရှာ မလဲ စဉ်းစားကြည့် ပါလို့ တိုက်တွန်းပါတယ် ။ ဘ၀ဟာ ဘာနှင့်တူ လဲဆိုရင် ရွေသေတ္တာ နှင့် တူတယ် ရွေဆိုတော့ တန်ဖိုးရှိတာပေါ့။
ယင်း ရွေသေတ္တာထဲ မှာ ညစ်ပေနေသော အ၀တ်စုတ်၊ ဖိနပ်စုတ် ကဲသို့သော တန်ဖိုးမဲ့ ပစ္စည်းထည့်လို့တော့ ဘယ်သင့်တော် ပါ့မလဲ တန်ဖိုးရှိတဲ့ အရာဝတ္ထုမှာ တန်ဖိုးရှိတဲ့ ရတနာ ထည့်မှ သင့်တော်မှာဖြစ်ပါတယ် ။ အဲ ဒီလိုပါဘဲ အကျွန်ုပ်တို့ရဲ့ ဘ၀ဆိုသည်မှာလည်း တန်းဖိုးရှိပြီး မြင့်မြတ်တဲ့ ဘ၀ ဆိုတော့ ရွေသေတ္တာလိုဘဲ ဖြစ်ပါတယ်။ ရွှေသေတ္တထဲ မှာ ညစ်ပေနေသော အ၀တ်စုတ်၊ ဖိနပ်စုတ်များထည့် ပါက မတင့်တယ် မလျောက်ပတ် သလိုပါဘဲ စာရေးသူ တို့ရဲ့ နေ့စဉ် ဘ၀မှာ လောဘ ၊ ဒေါသ ၊ မောဟ၊ စသော အကုသိုလ် တရားတို့ ဆိုတာဟာ အ၀တ်စုတ်၊ ဖိနပ်စုတ်လိုဘဲ သူတို့ကို နှလုံးသားမှာ ထ၀၇ သိမ်းဆည်း ထားမယ်ဆိုရင် စာရေးသုတို့ ရဲ့ဘ၀ လည်း ညစ်ပတ် နေမှာဖြစ်ပါတယ်။ ဘ၀ဟာ သန့်ရှင်းဖို့ အရေးကြီးတယ်။ သန့်ရှင်းမှ စိတ်ဆိုတာလည်း သန့်ရှင်းမှာ ဖြစ်ပါတယ် ။ စိတ်ဖြူစင်နေမှ ကြည်လင်ပြီး အေးချမ်းမှာ ဖြစ်တယ်။ တကယ်တော့ စိတ်ညစ်တယ်ဆိုတာ လောဘ ဒေါသ မောဟ စတဲ့ အညစ်အကြေးတွေ ထူထပ် နေလိုပါဘဲ ။ ဒါကြောင့် စာရေးသူ ဆိုလိုတာက တို့ရဲ့ မြန်မာ နှစ်သစ် အခါသမယ မင်္ဂလာ ၀ယ် ဓမ္မ တည်းဟူသော အတာသင်္ကြန်ရေးများ ဖြင့်မိမိတို့ရဲ့ စိတ်ကို အလှဆုံးဖြစ်အောင် ဆေးကြောသုတ်သင် သင့်ပါကြောင်း တင်ပြအပ်ပါသည်။
အရှင်သုဇာတ (မာဂဓ တက္ကသိုလ်)
Sunday, April 18, 2010
ဓမ္မရေချမ်း ကိုယ်စီးဖြန်း အေးချမ်းကြပါစေ။ အရှင်သုဇာတ (မာဂဓ တက္ကသိုလ်)
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment