Thursday, May 6, 2010

လှချင်သော မြန်မာ အမျိုးသမီးလေး များသို့ ။


ကျွန်မတို့ မိန်းကလေး တွေဟာ လှလှပပဆို သိပ်ပြီး မြတ်နိုး နှစ်သက် ကြတာ သဘာဝပဲ မဟုတ်လား။ အဲဒီအတွက် အ၀တ်အစားကို လှအောင် ဖန်တီးတယ်။ နေအိမ်ကို လှအောင် ဖန်တီးတယ်။ အသုံးအဆောင် တွေကို လှအောင် ဖန်တီး ကြတယ်လေ။ ခုခေတ်ကလည်း လှသထက် လှအောင် နေကြတဲ့ ခေတ်ကြီး ဖြစ်နေတော့ လှစရာ၊ လှအောင်လုပ် စရာတွေ ကလည်း များလိုက်တာ အဲဒီအတွက် ကုန်လိုက်တဲ့ ပိုက်ဆံ ။

ကျွန်မတို့ မိန်းကလေး တွေက အရွယ်ရောက်လာလို့ အပျိုပေါက် ရောက်လာပြီဆို အရွယ်က စကားပြော လာပြီး လှချင် ပချင် လာကြတယ်လေ။ အဲဒါ ဓမ္မဒါပေါ့။ အဲလို လှချင်ပချင် လာတဲ့အခါ သူ့ခေတ်နဲ့ သူ့အခါ ခေတ်ရေစီးကြောင်း အတိုင်း ခေတ်မှီမှီ နဲ့ လှဘို့ ပဘို့ ကြိုးစား ကြတော့ တာပဲလေ။ ကျွန်မလည်း မိန်းကလေး တစ်ယောက်မို့ အရွယ်ရောက်တော့ လှချင် တာပဲလေ။ လှမယ်ဆိုရင် ဘာမဆို သိပ်လုပ် ချင်တာပေါ့။

ဒါကြောင့်လည်း ကျောင်းတွေမှာ ဂုဏ်တု ဂုဏ်ပြိုင်တွေ၊ ပကာသနတွေ မရှိအောင် အားလုံး တပြေးညီ စိတ်မျိုးရှိအောင်၊တူညီဝတ်စုံ အနေနဲ့ ငါးတန်းက စပြီးတော့ ရင်ဖုံး ရင်စိ အင်္ကျီအဖြူနဲ့ ကျောင်းစိမ်း ထဘီကို စ၀တ်ရပြီလေ။ ကျွန်မတို့ မြန်မာ အမျိုးသမီးလေး တွေရဲ့ အမျိုးသား ၀တ်စုံ ဆိုတာ အောက်အထစ်ဆုံး ထဘီတော့ ၀တ်စုံ အဖြစ် သတ်မှတ်ရဦး မှာပေါ့လေ။ ကုလားမတွေ ကို ကြည့်လိုက်ရင် ဆာရီက သူတို့ရဲ့ အမျိုးသား ၀တ်စုံပဲလေ။

အလှဆိုတဲ့ သတ်မှတ်ချက် မတည်ငြိမ် လိုက်ပုံများ အပြောင်းအလဲတွေ ကလည်း မြန်ဆန် လိုက်တာနော်။

ခုခေတ်မှာတော့ မိန်းကလေး တွေက ဟိုးအရင်က ၀တ်စားဆင်ယင်မူ့လို ထမီ လုံလုံခြုံခြုံ မဟုတ်ပေမဲ့ ထမီရောင် ဆောင်ထားတဲ့ ဒူးအောက်ရောက်တဲ့ စကတ်မျိုး တွေရယ်၊ တစ်ချို့က နောက်တဲ့တဲ့ ခွဲထားတဲ့ စကတ်တွေ ၀တ်လာ ခဲ့ကြတယ်လေ။ ဘေးခွဲ နောက်ခွဲ စတဲ့ စကပ်ရှည်ရှည်တွေ ကတော့ မြန်မာ အမျိုးသမီး တိုင်းလိုလို ၀တ်လာကြပါတယ်။ သို့ပေမဲ့ တစ်ချို့ မြန်မာ အမျိုးသမီးလေး တွေဝတ်တဲ့ စကတ်က ပေါင်လောက်ထိ တိုတဲ့ စကတ်မျိုးတွေ တောင် မြန်မာပြည်မှာ ၀တ်နေကြပြီ တဲ့လေ။

ကျွန်မ ကတော့ မြန်မာ မိန်းကလေး တွေအတွက် ထမီနဲ့ စကတ် ကွာခြားမူ့ လေး ကိုတော့ နည်းနည်း ပြောချင်ပါတယ်။
ထမီက ၀တ်ရင်း ထိုင်ရင်း ၊ တစ်ခုခု စွန်းပေသွားလို့ ရှိရင် အဲဒီအစွန်း အပေကို လွယ်လွယ် လှည့်လို့ရတယ်။ ဖုံးကွယ် လို့ရတာပေါ့။ စကတ်ကတော့ ဘောင်းဘီလိုပဲ ဘယ်နေရာ ပေပေ အဲဒီ အပေကို လှည့်လို့ မရဘူးလေ။ ဒါကြောင့် ဖုံးကွယ်လို့ မရဘူးပေါ့။

မြန်မာ မိန်းကလေးတွေ ဘောင်းဘီ ၀တ်တယ် ဆိုတာကလည်း ပေါ့ပေါ့ ပါးပါး သွက်သွက် လက်လက်နဲ့ သွားနိုင်အောင် ထိုင်ထ ကောင်းတဲ့ ဘောင်းဘီမျိုး လုံလုံခြုံခြုံ သပ်သပ်ရပ်ရပ် ကာလ ဒေသနဲ့ အညီ ၀တ်စားထားတာ ကတော့ သဘောကျ ကြိုက်နှစ်သက် စရာပါ ။ သို့ပေမဲ့ တစ်ချို့ မြန်မာ မိန်းကလေးတွေ ၀တ်တဲ့ ဘောင်းဘီ မျိုးကိုတော့ အရမ်း အံသြမိတယ်။ ချက်ပေါ်အောင် ဘောင်းဘီကို
ဝတ်ထား ပြန်တယ်။ ပြီးတော့ အပေါ် အင်္ကျီက တိုနံ့ နံ့ နဲ့ မို့ ဘောင်းဘီနဲ့ ကုန်းကွလိုက်ရင် အမျိုးသမီး အောက်ခံ ဘာအရောင် ၀တ် တယ်ဆို တာတောင် မောင်နဲ့နှမ သားနဲ့အမိ အမြင်မတော် တာတွေ တောင် တွေ့နေကြ ရတယ်လေ။ တစ်ချို့ ကျတော့လည်း အပေါ်ပိုင်း ကျပြန်တော့ ရင်ညွန့် အထက် ဘာမှမရှိဘူး။ ဟိုးတုံးက ကျွန်မ တို့ မြန်မာ အမျိုးသမီးလေး တွေက ရင်လျား ကြီးနဲ့ လူဘုံလည် မထွက်ရဲ ကြပါဘူး။ ခုတော့ ရင်လျား အတိုင်း အပေါ်ပိုင်း ဗလာနဲ့ လူမြင်ကွင်းမှာ သွားလာ နေကြတာတွေတောင် ရှိနေပြီတဲ့လေ။

ကျွန်မတို့ မြန်မာ့ဓလေ့ ထုံးစံက မိန်းကလေးတွေ ၀တ်တဲ့ အ၀တ်အစားက လျှပ်ပေါ်တယ်၊ လော်လီတယ် ဆိုတာမျိုး မဖြစ်စေ ရဘူးလေ။ အခုတော့ တမင်ပဲ လျှပ်ပေါ် လော်လီတဲ့ အဆင်အပြင်ကို ရွေးဝတ်နေတဲ့ ခေတ်များဖြစ် နေပြီလားနော် ။ ကျွန်မတို့ မြန်မာ အမျိုး သမီးတွေမှာ ဖုံးကွယ်အပ်တဲ့ အရာဆိုတာ ရှိတယ်။ တစ်ချို့ မိန်းကလေးတွေက ဖုံးကွယ်အပ်တဲ့ အရာကို အလွန်တစ်ရာ ဖော်လှစ် ပြသ ချင်နေကြတယ်။ ဒါဟာ ခေတ်မှီတာလား ခေတ်ဆန် လာတာလား လို့တောင် မသိတော့ပါဘူး။ ကျွန်မတို့ မြန်မာ တွေရဲ့ ၀တ်စား ဆင်ယင်မှု. အနေနဲ့ လက်ခံထားတာ ကတော့ ချက်ဆိုတာ မိန်းမ တစ်ယောက်ရဲ့ ဖော်လှစ်အပ်တဲ့ အရာ မဟုတ်ဘူးလေ ။ လုံလုံခြုံခြုံ ဖုံးကွယ်ထား ရမဲ့ အရာမျိုး မဟုတ်လား ။ အခုခေတ် တစ်ချို့ အမျိုးသမီးလေး တွေက ဒီချက် ကြီးကို ဖော်ရုံ လှစ်ရုံ သာမက ရွှေငွေ ရတနာ များ ဆင်ယင် လိုက်သေး သတဲ့လေ။ အဲဒီတော့ ကျွန်မရဲ့ အသက် အရွယ်ကိုပဲ အပြစ်တင် ရမလား။ ကျွန်မ ခေတ်မမှီ တာကို ဘဲ အပြစ်တင် ရမလား မပြော တတ်တော့ ပါဘူးလေ။

ခုခေတ်ကြီး ကလည်း မီဒီယာတွေက တိုးတက် ကောင်းမွန် လွန်းတော့ ကမ္ဘာကြီးဟာ ရှေးကလို တစ်နိုင်ငံနဲ့ တစ်နိုင်ငံ အလှမ်းဝေး မနေတော့ပဲ အင်မတန် နီးစပ်မူ့ ရှိလာတယ်လေ။ Internet ခေတ်ကြီး ဖြစ်တဲ့ အပြင် အိပ်ဆောင် ကင်မရာတွေ ၊ လက်ကိုင် ဖုံးတွေ၊ MP4 အမ်ပီဖိုး တွေမှာ ကင်မရာတွေ အသုံးပြုလို့ ရနိုင်တဲ့ ခေတ်ကြီးလေ။ ကိုယ်က စတိုင် လုပ်လို့ပဲ ဖြစ်ဖြစ်၊ ပေါ်ပြူလာ ဖြစ်ချင်လို့ ပဲဖြစ်ဖြစ် မလုံတစ်လုံ ဟော့ဟော့ ရမ်းရမ်း ၀တ်စားလာပြီဆို ကင်မရာတွေ ထဲက တစ်လုံး မဟုတ် တစ်လုံးမှာ မှတ်တမ်းတင် ပုံရိပ် တွေ မှတ်တမ်း အဖြစ် ရိုက်ယူပြီး ကျန်ရစ်ခဲ့ နိုင်တယ်လေ ။ ပြီးတော့ အဲဒီပုံတွေသာ အီးမေလ် နဲ့ အင်တာနက်ထဲ ရောက်သွားလို့ ကတော့ နာရီပိုင်းနဲ့ ကမ္ဘာပတ်ပြီး နိုင်ငံ အနှံရောက် သွားတတ် တယ်လေ။ ဒါကြောင့် ကျွန်မက အမျိုးသမီးလေး တွေအတွက် စိတ်ပူမိလို့ပါ။

ကျွန်မတို့ အမျိုး သမီးတွေကတော့ လှသထက် လှအောင် နေ့တိုင်း နေ့တိုင်း အပြအသ တွေနဲ့ တစ်ဝက် တစ်ပျက်ဖော်၊ တစ်ဝက် တစ်ပျက် လှစ်ပြီးတော့ ကျားဆိုတဲ့ (အမျိုးသား) တွေကို ဆွဲဆောင်နိုင်ဘို့ အတွက် တစ်သက်လုံး ကြိုး ပမ်းအား ထုတ်နေရ တော့မှာလား။ မိန်းမဘ၀ရဲ့ အဆုံးစွန်သော အားထုတ် လုပ်ဆောင်ချက်က ယောကျာ်း တွေအတွက် ဆိုတာပဲလား။ တခြား ဘာမှ အဖိုး တန်တဲ့ အလုပ် မလုပ် နိုင်တော့ဘူးလား လို့တောင် ကျွန်မ တွေးမိပါတယ်။

ကျွန်မတို.က မိန်းမဆိုတာ လူ.ဂုဏ်သိက္ခာ အပြည့်ရှိတဲ့ လူသား၊ လူ.လောကကို ယောကျာ်းတွေနဲ့ တန်းတူရည်တူ တည်ဆောက် နေရတဲ့ လူသား၊ လူ.လောကကို သာယာ ၀ပြောရေးအတွက် အားလုံးနဲ့ အတူတူ၊ တာဝန်ရှိတဲ့ လူသား ဖြစ်စေချင် တာပါ။ ဘယ်သူက ဘယ်သူထက် မှလည်းမနိမ်. ကျစေချင်ဘူး။

တကယ်တော့ မိန်းကလေး ဆိုတာ ခန္ဓာကိုယ် အပြင် ဦးနှောက်နဲ့ နှလုံးသား ရှိသေးတယ်လေ။ မိန်းကလေးပီပီ လှချင်၊ ပချင် ပေါ်လွင် ထင်ရှားချင် တာတော့ အမှန်ပါ။ သို့သော် မွေးရာပါ တာဝန်ကို မသိတတ် ရလောက်အောင် အလှရဲ့ ပေါ်လွင် ထင်ရှားမှု့နောက် ကောက်ကောက် ပါအောင် လိုက်ရင်း အရေပြားပေါ်က ထိုအလှ ဘယ်နှစ်နှစ် ခံနိုင်မည်နည်း။ ဘယ်နှစ်နှစ်စာ သေသေချာချာ အသုံးကျ မည်နည်း။

ကျမ အမေပြောသော လောကတွင် အရေးကြီးသော မိန်းကလေးတို.၏ အလှစစ်သည် ယနေ့တိုင် ခေတ်မီဆဲသော အတွေး အခေါ်ဟု လက်ခံမိ ပါတယ်။ ယင်းမှာ၊ စိတ်ကောင်းရှိဖို့က ပထမ၊ စည်းကမ်း ရှိဖို့ကဒုတိယ၊ ကျန်းမာ ဖို့က တတိယ၊ ပါပဲ။ မိန်းမတို့ရဲ့ အရည်အသွေး ဖြစ်တဲ့ ကြင်နာမူ့၊ သနားမူ့၊ အနစ်နာခံမူ့၊ သူတစ်ပါး တို့အတွက် အကျိုးဆောင်မူ့ စွန့်လွတ်မူ့ ဆိုတဲ့ စိတ်ထားလှလှ လေးတွေကို လုပ်ဆောင် ကြရမှာလေ။ ထိုစိတ်ထားအလှ၊ လုပ်ရပ် အလှနဲ့ သမိုင်းအလှ များဟာ အရေပြားပေါ်က၊ ခန္ဓာကိုယ် ပေါ်က အလှထက် ကြာရှည် ခံရုံ သာမက သေသည့် တိုင်အောင် သမိုင်း အလှက ထင်ကျန် နေမည်မဟုတ်ပါလား။

ထိုကြောင့် မြန်မာမိန်းကလေးတွေ အားလုံး ထက်မြက်ရဲရင့်ပြီး စွမ်းဆောင်နိုင်တဲ့ အရည်အချင်းတွေကို မွေးမြူရင်း ၊နိုင်ငံခြား (ရပ်ဝေးမှာ) မှာရှိတဲ့ မြန်မာ အမျိုးသမီးလေး တွေပဲဖြစ်ဖြစ်၊ မြန်မာနိုင်ငံမှာ နေတဲ့ မြန်မာ အမျိုးသမီးလေးတွေပဲ ဖြစ်ဖြစ် ၊ ဘယ်နိုင်ငံ မှာပဲနေနေ၊ ဘယ်အလုပ် မျိုးကိုပဲ လုပ်လုပ် ၊ မြန်မာဆိုတဲ့ အမျိုးဂုဏ်တင့်အောင် မြှင့်နိုင်တဲ့ မိန်းကလေးတွေ ဖြစ်အောင် ကြိုးစားကြ ပါ လို့  ချစ်ခင်စွာ တိုက်တွန်း လိုက်ပါတယ်။
လူ ဘုံ လည် မှာ မြန်မာ ပဲ လို. ရဲရဲ ခေါင်းဖော် နိုင်ပါစေ။
ရေးသားပြုစုသူ - မေစိုး
(Shwe Mandalay)

13 comments:

  1. မီးမီးMay 6, 2010 at 11:01 PM

    မမေစိုး .......အရမ်းကောင်းတယ်။
    တစ်ခုပြောရဦးမယ် ......သမီး အကို ကိုထင်ကျော်လေ သိတယ်မဟုတ်လား ... သူက အမကို ဆောင်းပါးတစ်ပုဒ်လောက်ရေးပေးစေချင်တယ်တဲ့....
    မိန်းကလေးတွေ တရားပွဲလာရင် ၀တ်စားလာတာ မသင့်တော်တာတွေ သူတော်တော်တွေ့ နေလို့တဲ့ .. မမေစိုး အဆင်ပြေရင် ရေးပေးပါဦး။

    ReplyDelete
  2. အဲသလိုပြုပြင်ဖေးမလမ်းပြပေးမဲ့အမျိုးကောင်းသားသမီးများမြန်မာ
    ပြည်မှာရောပြည်ပမှာပါလိုအပ်နေတဲ့ကွက်လပ်ကလေးကိုဖြည့်
    လိုက်တယ်လို့ ရှုမြင်သုံးသပ်မိပါတယ်။
    တကယ်အလှတရားဆိုတာစိတ်ကောင်းရှိဘို့ ကတော့ပထမပါ။
    အဲဒီနောက်တော့-မိမိတို့ ကောင်းမွန်တဲ့ရိုးရာယဉ်ကျေးမှုတွေကို
    ထိမ်းသိမ်းနိုင်တဲ့စွမ်းရည်၊ မြန်မာ့တို့ ရဲ့ချစ်စရာကောင်းတဲ့
    ယဉ်ကျေးမှုအလှအပတွေကိုကမ္ဘာကသိအောင်လုပ်တဲ့စွမ်းရည်၊
    တွေပါဗျာ။ ကမ္ဘာကလဲအဲဒါတွေသိချင်နေတာပါ။

    ReplyDelete
  3. Very good highlight!

    ReplyDelete
  4. အမ စာရေးသိပ်ကောင်းတယ်

    ReplyDelete
  5. ဒီစာလေးကြိုက်တယ် မေစိုးရေ...



    "ကျမ အမေပြောသော လောကတွင် အရေးကြီးသော မိန်းကလေးတို.၏ အလှစစ်သည် ယနေ့တိုင် ခေတ်မီဆဲသော အတွေး အခေါ်ဟု လက်ခံမိ ပါတယ်။ ယင်းမှာ၊ စိတ်ကောင်းရှိဖို့က ပထမ၊ စည်းကမ်း ရှိဖို့ကဒုတိယ၊ ကျန်းမာ ဖို့က တတိယ၊ ပါပဲ။ မိန်းမတို့ရဲ့ အရည်အသွေး ဖြစ်တဲ့ ကြင်နာမူ့၊ သနားမူ့၊ အနစ်နာခံမူ့၊ သူတစ်ပါး တို့အတွက် အကျိုးဆောင်မူ့ စွန့်လွတ်မူ့ ဆိုတဲ့ စိတ်ထားလှလှ လေးတွေကို လုပ်ဆောင် ကြရမှာလေ။ ထိုစိတ်ထားအလှ၊ လုပ်ရပ် အလှနဲ့ သမိုင်းအလှ များဟာ အရေပြားပေါ်က၊ ခန္ဓာကိုယ် ပေါ်က အလှထက် ကြာရှည် ခံရုံ သာမက သေသည့် တိုင်အောင် သမိုင်း အလှက ထင်ကျန် နေမည်မဟုတ်ပါလား။"

    ReplyDelete
  6. ခုခေတ်မှာ စိတ်ကိုအလှဆင်ဖို့၊ စိတ်ထားဖြူစင်အောင် နေဖို့ မေ့နေကြပြီထင်တယ် မေစိုးရေ....

    အသက်ရလာလို့လားမသိဘူး... ရုပ်အလှထက် စိတ်အလှကို ပိုပြီးတန်ဖိုးထားလာပြီ။ ရုပ်အရမ်းလှပြီး စိတ်က ပူလောင်နေရင် ဘာလုပ်တော့မှာလဲ။။။။

    ReplyDelete
  7. ဒီအပတ် ငါတို့အလှူမှာ မြန်မာဝတ်စုံဝတ်ကြမယ်နော်...

    ReplyDelete
  8. dear daw may soe,
    very good effort. Thank you very much. Are you a novel writer? Keep writing>

    ReplyDelete
  9. ကောင်းတယ်အမ...ဒါဟာစေတနာစကားတွေပါ။ကျနော်တို.မြန်မာမိန်းခလေးတွေ အသိမှားနေတယ် အမ၇ယ်...

    (အမျိုးပျောက်မှာ စိုးကြောက်စ၇ာ)ပေါ.အမ၇ယ်...

    ReplyDelete
  10. Ma Yae ,

    I envy of your effort ma . I just would like to request you to highlight something regarding our new generation in S'pore. I wonder why most of myanamar parents are very proud and satisfied while their children are excel in English but they can't speak our language so let it be in writing .Sometimes they said proudly that he understand what they are talking about but refused to speak Myanmar language . I understand it is very difficult for the children to adapt with very competitive environment.
    If it goes on like that , what about a heritage of our traditional , culture , ma ! It is quite bothering me, ma :( ...

    ReplyDelete
  11. အကောင်းဆုံးစာတွေပါအမရေ မြန်မာမလေးတွေ နားလည်နိုင်ကြပါစေလို့  ဆန္ဒပြုပါတယ် ...

    ReplyDelete
  12. i like your idea for girls in myanmar
    But in foreign negative and keep it mind
    u r myanmar

    ReplyDelete