Monday, August 30, 2010

သီတဂူ စန်းလ ပန်းအလှ မဉ္စူ ။

သီတဂူ ဆရာတော် ဒေါက်တာ အရှင် ဉာဏိဿရ (Ph.D,D.Litt) ဆရာတော် ဘုရားကြီး ရဲ့ ဓတ်ပုံလေးကို ကုသိုလ်ပြု သူကတော့ ဂျစ်တူး (မုံရွာ) ပါ။ ကျွန်မ သူငယ်ချင်း ဓတ်ပုံ ဂျစ်တူးက ကြိုးစား ပမ်းစား ရှာဖွေ ထားခဲ့ တဲ့ ဆရာတော် ဘုရားကြီးနှင့် ဦးနေဝင်း (လန်ဒန်) တို.၏ တွေ့ ဆုံ လျှောက်ထား- မေးမြန်းခဲ့တဲ့ အကြောင်းအရာလေး တစ်ခုကို သိပ့်ကို ကြိုက်နှစ်သက်မိလို. သူ. Blog ဖြစ်တဲ့ http://photojittoomonywa.blogspot.com/ မှာ တင်ထားကြောင်း ပြောမိရင်း ကျွန်မလည်း ၊ ကျွန်မ blog က စာဖတ်သူတွေ အတွက် တစ်ဆင့် မျှဝေလိုက်ပါတယ်ရှင်။

ဦးနေဝင်း(လန်ဒန်) ။ ။ ဆရာတော်ဘုရား အား လျှေက်ထားချက်။

ယခုခေတ် ဗုဒ္ဓဘာသာဝင် တော်တော်များများဟာ ဂါထာ၊ မန္တရား ၊ အင်း ၊အိုင် ၊ ဖယောင်းတိုင် စသည် တို့ ကို ဘုရား ၊ တရား ၊ သံဃာ ၊ ရတနာ သုံးပါးထက် ပိုပြီး အားကိုးနေတဲ့ အပေါ်မှာ ဆရာတော်ဘုရား ဘယ်လိုများအမိန့် ရှိလိုပါသလဲဘုရား ၊၊

ဆရာတော်ဘုရားကြီး။ ၊၊ မှန်တယ်။ ဂါထာ ၊ မန္တန် ၊ မန္တရား ၊ ဆေးဝါး ၊ အင်း ၊ လက်ဖွဲ့  ၊ ဒါဟာ Super Natural Power ( သဘာဝလွန် စွမ်းပကားပေါ့  ) အပေါ်ယံပိုင်း က တန်းခိုးတွေ အားကိုးကြတာဟာ ဗုဒ္ဓဘာသာတင် မကပါဘူး ခရစ်ယာန် ၊ အစ္စလ္လာမ် မှာလဲရှိတယ်။ ဘုန်းကြီးတို့ မကြာလေးခင်ကပါ၊ ပါကစ္စတန် နိုင်ငံရောက်တော့ ဂန္တာရ ဆိုပြီးလေ့ လာရေး ခရီးတစ်ခုလာဖို့ ပါကစ္စတန် အစိုးရက ဖိတ်ပါတယ်။ အဲဒီမှာ သွားပြီး ဝိုင်းတွေဝိုင်းတွေ ဖွဲ့ ပြီး စကား ပြောကြတာတွေ ထဲက တစ်ခုသော ဝိုင်းမှာ စကား ပြောကြတော့ ပါကစ္စတန် အစိုးရ တိုးရစ် ဝန်ကြီးဌာန၊ ခရီးသွားလာရေး လုပ်ငန်းဝန်ကြီး၊ အဲဒီဝန်ကြီးက အမျိုးသမီး၊ ရုပ်ကလည်း ခန့် ခန့် ထည်ထည် ၊ အလွတ်သဘော သူနဲ့ ထိုင်ပြီးဆွေးနွေးတယ်။ သူက ဘုန်းကြီးကို-ကြည့်ပြီးတော့ အရှင်ဘုရား။ ဗုဒ္ဓ စာပေလဲ တတ်တယ်။ ဗဟုသုတလဲ များတယ် အရှင်ဘုရားက တရားလဲ အများကြီး အားထုတ် ထားတယ်။ ဒီတော့ တပည့်တော် ရှေ့ ဘာဖြစ်မယ် ဆိုတာ အရှင်ဘုရား ကြိုပြော နိုင်ပါသလား-ဆိုပြီး လက်ဝါးလေး ပြတယ်။ သူ့ လက်ဝါးကို ကြည့်ပြီး ဟောဖို့  ဘုန်းကြီး ဘာပြောတယ်-မပြောတယ်ဆိုတာ ခဏထား၊ ဘုန်းကြီး ဒါမျိုး ဘယ်တော့မှ မပြောပါဘူး။ ပြောလေ့ပြောထလဲမရှိပါဘူး။ အဲဒီလို အစ္စလ္လာမ် ဘာသာဝင် အမျိုးသမီးကြီး တစ်ယောက်က သူ့ ရှေ့ မှာ ဘာဖြစ်မယ် ဆိုတာကို အရှင်ဘုရား ကျင့်ထားတဲ့ တရားတော် ထဲကနေဟောပေးစမ်းပါ ဆိုတဲ့ ဥစ္စာဟာ ဗုဒ္ဓ ဘာသာ လောကမှာ ရှိသလိုပဲ အစ္စလ္လာမ် ဘာသာမှာလဲ ရှိတယ်။Fortune Teller တွေကို သူတို့ လည်းပဲအားကိုးတယ်။


အဲဒီတော့ ကမ္ဘာကြီးရဲ့ အနေအထားကိုခြုံကြည့်လိုက်ရင် -


တကယ် ဘာသာရေး စစ်စစ်၊ အနှစ်သာရကို ကြည်ညိုပြီး ကျင့်ကြံတဲ့ ပုဂ္ဂိုလ်တွေ ရှိသလိုပဲ အပေါ်ယံပိုင်း လောက်သာလျှင် ဘာသာရေး တစ်ခုခုကို အမည်ခံပြီး အပေါ်ယံ Super Natural Power လောက်ပဲ မျှော်လင့် ပြီးတော့ ကျန်းမာဖို့ ၊ ချမ်းသာဖို့ ၊ ရာထူး အာဏာ ပါဝါ စီးပွားဥစ္စာ တိုးတက်ဖို့ ခိုင်မြဲဖို့ လောက်ပဲ ဘာသာရေးကို အသုံးချနေတဲ့ ပုဂ္ဂိုလ်ကလဲ ဗုဒ္ဓဘာသာမှာရော ၊ အခြားဘာသာ တွေမှာပါ ရှိနေတယ်လို့ ဘုန်းကြီးတို့ ပြောရမှာပါပဲ၊၊

အဲဒါကို ဘုန်းကြီးတို့ က ဒါဟာ ဖြစ်ရိုးဖြစ်စဉ် အစဉ်အလာပဲလို့ သဘောထားလို့ မရဘူး။ အဲဒီပုဂ္ဂိုလ်တွေ လွှမ်းမိုးသွားမှာ စိုးရတယ်။ တစ်ခါ ဒီဥစ္စာတွေကိုပဲ အလေးအနက်ထားပြီး စဉ်းစား နေပြန်ရင်လည်းတကယ့် အနှစ်သာရ ကျတဲ့ အလုပ်တွေဘုန်းကြီးတို့ လုပ်ဖြစ်မှာ မဟုတ်ဘူး၊၊


မြတ်စွာဘုရား နာလန္ဒ ကြွလာတုန်းက နာလန္ဒက သူဌေးတယောက် ကေဝဋပုဏ္ဏက ဘုရားကို လျှောက်တယ်။ "" မြတ်စွာဘုရား တန်ခိုးပြနိုင်တဲ့ ရဟန်းတစ်ပါးကို နာလန္ဒမှာ ရာထူးခန့် ထားပေးပါ။ “လူတွေက တန်ခိုး သိပ်ကြိုက်တယ်။ တန်ခိုး ပြနိုင်တဲ့ ရဟန်းတစ်ပါး နာလန္ဒ ထားပြီးတော့ ရေအစုံ၊ မီးအစုံ တန်ခိုးများ ခဏ ခဏ ပြနေရင် ဘုရားရဲ့ သာသနာတော်ကြီး စည်ကားလာမှာ၊၊ အဲဒါလုပ်ပေးပါ အရှင်ဘုရား ၊၊” လို့ လျှောက်ဘူးတယ်။

အဲဒီတော့ ဒကာကြီး ဦးနေဝင်း၊ ဒီတော့ သိပ့်စိတ်မပူနဲ့ ၊ ရှိနေမှာပဲ၊၊ ဘုရား ကိုတောင် အဲဒီလို ထလျှောက်တဲ့ လူက ရှိနေတော့ အဲဒီလူ က သာသနာ တကယ် ကြည်ညိုတာ မဟုတ်ဘူး၊ တန်ခိုး ကြည်ညိုတာ၊ တန်ခိုးပြနိုင်တဲ့ အတွက်ကြောင့်လည်း သာသနာတော်မှာ အကျိုးမများ ဘူးလား မေးရင် ရလာတဲ့ ပစ္စည်းသန့် ရှင်းသည် မသန့် ရှင်းသည် ဘုန်းကြီးတို့ ဘာမှမတွက်ဘူးဆိုရင်တော့တန်ခိုးပြနိုင်လို့ 
ရလာတဲ့ ဘုရားတည် ကျောင်းဆောက်ရင် ဖြစ်မှာပေါ့  ၊ အဲဒါမျိုး လုပ်နေတဲ့ လူတွေလည်း အများကြီးရှိနေတာပဲ၊ အဲဒီတော့ မြတ်စွာ ဘုရား က ကေဝဋပုဏ္ဏ ကို ဘာဟောတုံး ဆိုတော့  ( သာသနာ ဆိုတာလူရဲ့ ကိုယ်နှုတ်စိတ် သုံးပါးကို ယဉ်ကျေးအောင် ဆုံးမတာ သာသနာကွ၊ ကိုယ်နှုတ် နှစ်ပါးကို ယဉ်ကျေးစေဖို့ က သီလ၊စိတ်ကို ယဉ်ကျေးစေဖို့ က သာမဓိနဲ့ ပညာ၊၊ ငါသည် သာသနာတော်ကို ဒီသုံးမျိုးဘဲ သတ်မှတ်တယ်၊ တန်ခိုးကို သာသနာ အတွင်း အလုပ်လို့ ငါမသတ်မှတ်ဘူး၊ ကေဝဋပုဏ္ဏ ကို ဘုရားက ဒီလို ဟောတယ်၊၊ အဲဒီ မင်းတို့ တန်ခိုး သမားတွေလဲ စူဠဂန္ဓာရီ အတတ်ပညာ၊ ဣဒ္ဓိဝိဓ ဒီလို အသိဥာဏ်တွေနဲ့ ဂန္ဓာရီ အတတ်တွေ ရှိတယ်၊အဲဒါကြောင့် တန်ခိုးပြနိုင်တဲ့ ရဟန်းတွေကို ငါဘုရားခွင့် ပြုမယ်ဆိုရင် တန်ခိုးရအောင် သမထ မကျင့်တော့ဘဲနဲ့ သမာဓိ ဈာန်တွေကို မကျင့်တော့ဘဲနဲ့ ရဟန်းတွေဟာ ဂန္ဓာရီ ဝိဇ္ဇာအတတ်တွေကို သင်ကုန်လိမ့်မယ်တဲ့ ၊ ဘုရားဟောခဲ့ ဘူးတယ်၊ သို့ သော် ဒီကနေ့ တော့ ဂန္ဓာရီ အတတ်ပညာ ဘက်က ဒါသာသနာရေး အလုပ်ဆိုပြီး သာသနာ ဆိုင်းဘုတ် ထိုးပြီးတော့ သာသနာထဲ ဝင်လာတာတွေ တော်တော် များများ ဖြစ်ကုန်ပြီ။ သာသနာတော်ရဲ့ စစ်မှန်တဲ့ ရူ့ဒေါင့် ကကြည့်ရင် သာသနာ ပြန့် ပွားကြောင်း မဟုတ်ဘဲနဲ့ သာသနာအစစ် အမှန် ကွယ်ကြောင်း တွေဘဲ ဖြစ်တယ်လို့ ဒါတော့ ဘုန်းကြီးတို့ ကပြောချင်ပါတယ်။

ဒီဆောင်းပါးလေးက အနန္တဂုဏ်ရည် (ဘာသာရေး မဂ္ဂဇင်း) ၂၀၀၈ ခုနှစ် ၊ သြဂုတ်လ ၊ အတွဲ ( ၂ ) အမှတ် ( ၈ ) မှာ ဖော်ပြထား ပါတယ်။

သီတဂူ ရဲ့ မေတ္တာ ကရုဏာ အလှူတော်


သီတဂူ ဆရာတော် ဒေါက်တာ အရှင် ဉာဏိဿရ (Ph.D,D.Litt) နှင့် သီတဂူ သာသနာပြု အဖွဲ့  မှ ကြီးမှူးပြီး မေတ္ဆာ၊ ကရုဏာ အလှူတော် ကို ၁၃၇၂၊ ၀ါခေါင်လဆန်း (၁၁) ရက် ၊ (၂၁- ၈ - ၂၀၁၀) စနေနေ့ တွင် ရန်ကုန်တိုင်း အင်းစိန် ထောင် အတွင်း ၌ ရောက်ရှိနေကြသော လူပေါင်း (၈၀၀၀) ကျော် တို.အား တစ်နေ စာ အဟာရ ဒါန ကုသိုလ်ပြု လုပ်ခဲ့ကြပါတယ်။ ဓမ္မ ကုသိုလ် အဖြစ် ဆရာတော်ကြီးက အကျဉ်းကျ နေသူများအား မြတ်ဗုဒ္ဓ၏ တရားတော်များကို ဆုံးမ ဟောကြား ချီးမြှင့်တော် မူခဲ့ပါတယ်။

မနက်ပိုင်းမှာ အကျဉ်းထောင်မှ အကျဉ်းကနေသူ အားလုံးကို နေ့ လည်စာ ၊ ညစာ အပြင်၊ အင်္ဂလိပ် ဆေးဝါး၊ မြန်မာ ဆေးဝါး၊ ဘာလချောင် ကြော်၊ သရက်သီး သနပ်၊ ငါးပိကြော်၊ ငါးပိထောင်း၊ စတဲ့ အစားအသောက်များ နှင့် မျက်နှာသုတ်ပ၀ါ ၊ သွားတိုက်ဆေး ၊ဆပ်ပြာ ၊ တဘက်၊ စောင် စတဲ့ အသုံး အဆောင် ပစ္စည်း လေးတွေ ကို သီတဂူ တပည့် ဒကာ ဒကာမများက အင်းစိန်ထောင်ရှိ ထောင် ၀န် ထမ်း နှင့် အကျဉ်းသား ကိုးထောင် (၉၀၀၀) ကျော်တို့အား ပေးကမ်းခြင်းဖြင့် မေတ္တာ ကရုဏာတော် အလှူကြီး ပြုလုပ်ခဲ့ပါတယ်။

အကျဉ်း သားများ အတွက် လွတ်ငြိမ်း ချမ်းသာစေရန် အလို့ငှာ ဆရာတော်မှ အကျဉ်း ဦးစီးဌာနရှိ တာဝန်ရှိသူများသို့ လက်ရှိ အကျဉ်းကျ နေသော အကျဉ်းသားများ အတွက် လွတ်ငြိမ်းချမ်းသာ ခွင့်ရက်(၁၀၀၀) အလှူခံ ခဲ့ရာ ၄င်းတို့မှ ရက် (၁၀၀)သာ ပေးလှု ခဲ့ကြောင်း ကြားသိရပါတယ်ရှင်။
Posted By – Shwe Mandalay

ဆက်ဖတ်ရန်>>>

Wednesday, August 25, 2010

ဥခွံထဲက ငှက်ငယ် - အရှင်ဉာဏိကာ ဘိဝံသ(ကာလီဖိုးနီးယားတက္ကသိုလ်)


အသက် အရွယ်လည်း ကြီးရင့်၊ အမျိုးနွယ် လည်းမြတ်၊ အသိုင်းအဝိုင်း ကြားမှာလည်း ထင်ပေါ်ကျော် ကြားတဲ့ ပုဏ္ဏားကြီး တစ်ယောက် မြတ်ဗုဒ္ဓအထံ ရောက်ရှိ လာခဲ့တယ်။ သူ့အမည်က ဝေရဉ္ဇတဲ့။

ဂေါတမဟာ အရွယ်သာ ငယ်ပေမယ့် မာန်မာနကြီးသူ။ ကိုယ့်ထက် အသက် သိက္ခာ ကြီးရင့်သူတွေကို လည်း အရိုအသေ ပေးရ ကောင်းမှန်းမသိ။ တော်တော်ရိုင်းသူလို့ သူက ကြားထားခဲ့တာ။ အဲဒီကြားမှု.က ခုကိုယ်တိုင် ဆုံလိုက်ရတော့ ကြားထားတာတွေက မှန်ပေသား။ ငါ့လို သက်ကြီးရွယ်အို ပုဏ္ဏား တစ်ယောက် ကိုတောင် အရိုအသေ မပေးခဲ့ဘူး။ ဂေါတမကိုတော့ ပြစ်တင် စောဒနာမှ တော်တော့မယ် ဆိုတဲ့ အတွေးနဲ့ ဝေရဉ္ဇက မြတ်ဗုဒ္ဓကို - အိုဂေါတမ၊ သင့်ကို လူအများက ပြောကြတယ်။ သင်ဟာ အရွယ် ငယ်သလောက် မာန်မာန ကြီးရင့်သူ။ အသက် သိက္ခာကြီးသူတွေ ကိုလည်း ရိုသေ ရကောင်းမှန်း မသိသူ။ ဧည့်ဝတ်မကျေသူလို့ ငါကြားသိထား ခဲ့တာ။ ခုကြားသိထားတဲ့အတိုင်း မှန်ပေသား-လို့ ပြစ်တင်စကား ပြောကြားခဲ့တယ်။

ဒီတော့ ဗုဒ္ဓက-အိုဝေရဉ္ဖပုဏ္ဏား၊ မိခင်ကြက်မရဲ့ ရင်ငွေ့ထုံမှု.ကြောင့် ရှစ်လုံး၊ ဆယ်လုံး၊ ဒါမှမဟုတ် တစ်ဆယ့်နှစ်လုံးစတဲ့ ကြက်မြုံ တွင်းရှိ ကြက်ဥ တွေထဲက ခြေလက် နှုတ်သီးကို အရင်းပြုကာ ဥခွံကို ဖောက်ခွဲကာ ဦးစွာ ပထမဆုံး ထွက်လာတဲ့ ကြက်ငယ်ကို ပေါက်ဖွား လာသမျှ ကြက်ငယ်များထဲမှာ အကြီးလို့ ဆိုရမလား၊ ဒါမှ မဟုတ်၊ အငယ်လို့ ဆိုရမလားလို့ အမေးရှိတော့ ဝေရဉ္ဖာ ပုဏ္ဏားကြီးက အိုဂေါတမ ပထမဆုံး ဥခွံကို ဖောက်ထွက်ကာ ပေါက်ဖွားလာတဲ့ ကြက်ငယ်ကို ကြက်ငယ်အားလုံး ထဲမှာ အကြီးလို့ ဆိုရမည့် အကြောင်း ပြန်လည် လျှောက်ကြားတယ်။ ဒီတော့ ဗုဒ္ဓက-ပုဏ္ဏားကြီး နည်း တူပဲပေါ့။ မှန်မှန်ကန်ကန် မသိတတ်ပေမယ့် မမှန်မကန်ဆိုလျင်ဖြင့် သိတတ်ပြန်တဲ့ အဝိဇ္ဇာဆိုတဲ့ မောဟဥခွံ ဖုံးကာထားတဲ့ သတ္တဝါတွေရဲ့ အလယ်မှာ အဲဒီ အဝိဇ္ဇာဥခွံ အဖုံးအကာကို ဦးစွာ ပထမဆုံး ဖောက်ထွက်ကာ ဝိဇ္ဇာ အလင်းရောင်ကို ဦးစွာမြင်တဲ့ ငါဘုရားကိုလည်း အားလုံးထဲမှာ အကြီးဆုံးလို့ ဆိုရကြောင်းကို ရဲရဲဝံ့ဝံ့ မိန့်တော် မူလိုက်တယ်။

ဝေရဉ္ဇနဲ့ မြတ်ဗုဒ္ဓ အပြန်ပြန် အလှန်လှန် စကားတွေ ပြောဆို ဆွေးနွေးအပြီး ဝေရဉ္ဇ ပုဏ္ဏားကြီးက မြတ် စွာဘုရား အသက် အရွယ် အရ အရှင်ဂေါတမက အငယ်ဖြစ်ပေမယ့် အရှင်က ဝိဇ္ဇာဉာဏ် အလင်းကို အလျင်ရသူမို့ အရှင်သာလျင် အကြီး ဖြစ်ပါပေတယ်။ အကျိုးအကြောင်းပြ ဆုံးမတော်မူတဲ့ အရှင်ဘုရား ရဲ့ စကား များကလည်း မျက်စိလည် လမ်းမှားနေသူကို လမ်းမှန်ကို ညွှန်ပြပေးသလို၊ မှောက်ထားတဲ့ အိုး ကို လှန်ပြလိုက်သလို၊ အမှောင်ကြားမှာ စမ်းတဝါးဝါးနဲ့ မမြင် ဝိုးဝါး ဖြစ်နေသူကို မီးရှူး တန်ဆောင် ထွန်း ညှိပြသ လိုက်သလို အလွန်မှ ရှင်းလင်း လှပါပေရဲ့၊ ကောင်းမွန် လှပါပေရဲ့။ ဒီနေ့ကစလို့ အသက်ထက်ဆုံး အကျွန်ုပ်အား တပည့်ရင်းချာ တစ်ဦး အဖြစ် မှတ်ယူတော်မူပါ၊ တပည့်တော်အိမ်သို့ ကြွရောက်ပြီးလည်း ဆွမ်းအလှူ ခံယူတော်မူပါ-လို့ လျှောက်ကြား တဲ့အကြောင်း ဖတ်ရတယ်။

ငယ်စဉ် ရဟန်းဖြစ်စ ဓမ္မာစရိယတန်း အတွက် ဝိနည်း ပိဋကတ်လာ ပါရာဇိကဏ် ကျမ်းစာကို သင်ယူ စဉ်က ဒီအကြောင်း အရာ လေး ဖတ်လိုက်ရတော့ နှစ်သက် သဘောကျ ဖြစ်မိလိုက်တာ၊ ပြောမပြတတ် နိုင်အောင်ပါပဲ။ ဗုဒ္ဓမိန့်တော်မူတဲ့ အဝိဇ္ဇာဥခွံ ဆိုတဲ့ အကြောင်းကို အဝိဇ္ဇာ အခွံအကာ ထူထူထဲထဲ ရှိနေ ဆဲမို့ ရေးရေးလေး သဘော ပေါက်ဟန် ရှိခဲ့ပေမယ့် နှစ်နှစ်ခြိုက်ခြိုက်တော့လည်း နားမလည် နိုင်ခဲ့ပါဘူး။ သို့ပေမယ့် ဥပမာဖြစ်တဲ့ ကြက်ဥများနဲ့ ကြက်မြုံတစ်ခုရဲ့ အသွင်သဏ္ဍာန် ကတော့ တွေ့မြင်နေကြ အရာမို့ ပြည့်ပြည့်ဝဝ နားလည် နိုင်ခဲ့ပါတယ်။ ဒါကြောင့် အကွယ် အကာ ဥခွံကြောင့် ပိန်းပိတ်အောင် မှောင်နေပြီး မလှုပ် နိုင်လောက်အောင် ကျဉ်းကျပ်လွန်းတဲ့ ဥခွံတွင်းမှာ နေထိုင်ရတဲ့ ငှက်ငယ်လေး တွေအကြောင်း စဉ်းစား မိလိုက်လို့လည်း ငှက်လေးတွေကို သနားစိတ် ဖြစ်ခဲ့ မိလိုက်ပါသေးတယ်။

တကယ်တော့ ဗုဒ္ဓ အလိုအရ ဆိုလျင်တော့ အဝိဇ္ဇာ ဥခွံထဲက ဖောက်မထွက် နိုင်သေးသူမှန်သမျှ အကောင်တောင် မပေါက်သေးတဲ့ အနေအထားမို့ ကိုယ့်ကိုယ်ကို ပြန်ကြည့်တော့ ငယ်တယ် လို့တောင် မှ မဆိုနိုင်သေးတဲ့ သဘောပေါ့။ ဥခွံအမှောင်ထဲက သတ္တဝါ တစ်ကောင်မို့ သနားစတမ်း ဆိုလျင်ဖြင့် ကိုယ့်ကိုယ်ကိုယ်ပင် သနားလှချည်ရဲ့ ဆိုတဲ့ စကားလို ကိုယ့်ကိုယ်ကို သနားရမယ့် အနေပေါ့လေ။
ရဟန်းဆိုတာ ငှက်တစ်ကောင် ပမာ အတောင်သည်သာ ဝန်ရှိစွာ လွတ်လပ် ပေါ့ပါးစွာ တွယ်ရာမဲ့ စိတ်ထားနဲ့ ကျင်လည်ကာ နေထိုင် တတ်ရမယ်တဲ့။ အတွယ်ကင်းခြင်းနဲ့ ဝန်ပေါ့ခြင်းကို ငှက်တစ်ကောင် ဘဝ နဲ့ နှိုင်းလို့ မိန့်ကြား ထားခဲ့ဖူးတာ။

တနေ့မှာတော့ မဟေသီ မဂ္ဂဇင်းထဲကနေ အမှတ်မထင် ကဗျာလေး တစ်ပုဒ် ဖတ်လိုက်ရတယ်။ ကဗျာက ငှက်၏ ဒဿနတဲ့။
ငှက်၏ ဒဿန
ဥခွံထဲ
လေလည်းမတိုး
နေပြောက်မထိုး
စိုးရွံ့ ကြောက်ဆဲ၊
နေ့ရက်စေ့မြောက်
ဥခွံပေါက်သည်
ရောက်ခြည်သစ်
ချစ်တတ်ပြီ။ ။
စမ်းစမ်းတင် (မဟေသီ ၁၉၉၁)

မဟေသီမှာ ဖတ်ခဲ့ ရကတည်းက မှတ်မှတ် သားသားရှိနေခဲ့လို့ အလွတ် ရနေမိတဲ့ ကဗျာတစ်ပုဒ်။ မမေ့ မပျောက်နိုင် လောက်ဖူးဆိုတာ သေချာနေပေမယ့် ပိုပြီးသေချာစေဖို့ မှတ်စု စာအုပ်ထဲ ကူးရေးထားခဲ့ တာ။ ဒါပေမယ့် နေရာအရွှေ့အပြောင်းကြောင့် ကူးရေးထားတဲ့ မှတ်စု စာအုပ်လေးက နေရာဟောင်း နဲ့အတူ ပျောက်လွင့်လို့ သွားခဲ့ပေမယ့် ဦးနှောက်ထဲမှာ အမှတ်ထင်ထင်ရှိနေခဲ့တဲ့ ကဗျာ လေးကတော့ ထင်ကျန်ကာ ရှင်သန်လို့ နေဆဲပေါ့။ ဒီကဗျာလေးကို မှတ်မိနေမိတာက ကဗျာနောက်က ဒဿန ကြောင့်ပါ။ သာမန်ကြည့်ရင် ငှက်ကလေး တစ်ကောင်ရဲ့ ဘဝ အစ ဖြစ်စဉ်ကို ရေးဖွဲ့ ထားဟန်။ သို့ပေမယ့် ငှက်တစ်ကောင်ရဲ့ ဒဿနဆိုတဲ့ ဒီကဗျာ လေးဟာ ငှက်တစ်ကောင် အကြောင်း ဆိုတာထက် သတ္တဝါ တစ်ဦး၊ ဒါမှ မဟုတ်လည်း လူတစ်ယောက်အကြောင်း ပြောပြနေတယ် ဆိုတာကို ကဗျာဖတ်သူတိုင်း သိကြမှာပါပဲ။

ကျပ်တည်း ကျဉ်းမြောင်းလှတဲ့ ဥခွံထဲမှာ လေလည်းမတိုး၊ နေလည်း မထိုးတဲ့ ဘဝနဲ့ နေနေတဲ့ ဥခွံ ထဲက ငှက်လေး။ ဥခွံက ကွယ်ကာ ထားတော့ သူ့ဘဝဟာ ပိုမို လုံခြုံနေတယ်လို့ ခံစား မိလေမလား။ ဘဝဆိုတာ ဥခွံ တစ်ခုထဲ လောက်သာ ကျယ်ပြန့်တယ်လို့ ထင်ကောင်းလည်း ထင်နေမှာ။ မှောင်မိုက် မိုက်မှာ ကျဉ်းမြောင်း ကျပ်တည်းစွာ နေထိုင်ရခြင်းဆိုတာ ဘဝရဲ့ အဆုံးသတ် မဟုတ်ဘူးဆိုတာ စဉ်းစား ကောင်းမှလည်း စဉ်းစားမိမှာ။ နေမတိုး လေမခ၊ မကြောင့်မကျ နေနေရခြင်း ဆိုတာ လှပတဲ့အရာလို့ မဆင်ခြင် မစဉ်းစားပဲ ယုံကြည် နေရင်လည်း ယုံကြည် နေမှာပေါ့။ နောက်ပြီး ပြင်ပ ကမ္ဘာကြီးထဲကို ထွက် ကြည့်ရမှာကိုလည်း စိုးရွံ့ ကြောက်လန့် ဖြစ်ကောင်းလည်း ဖြစ်နေမှာပေါ့လေ။

ငှက်တစ်ကောင်ရဲ့ ဒဿန အကြောင်းကို နှစ်ခြိုက် သဘောကျ မိနေခဲ့တာ ကြာလှတဲ့ ကိုယ်ကိုယ်တိုင်က တော့ တကယ့် ဥခွံထဲက ငှက်ငယ် တစ်ကောင်နှယ်။ နေခြည်မထိုး၊ လေပြည် မတိုးတဲ့ ဘဝမျိုးနဲ့ နေနေ ရတာကို နှစ်သက် သဘောကျ နေခဲ့တာ။ နေခြည်မထိုးလို့ အလင်းမဲ့၊ လေပြည် မတိုးလို့ အချင်းမဲ့ဖြစ်နေ တာကိုတောင်မှပဲ သတိမထား မိနိုင်လောက်အောင် ပါပဲ။ ကိုယ်ကိုယ်တိုင် ဥခွံထဲက ငှက်တစ်ကောင် ပမာ ဖြစ်နေတာကို သတိမထား မိနိုင် လောက်အောင်ပါပဲ။ မြေမှာလျှောက်ဖို့ ခြေထောက်တွေ၊ လေမှာ ပျံဖို့ တောင်ပံတွေနဲ့ အစာကောက်ဖို့ နှုတ်သီးတွေ ရှိနေတာကို မေ့ထားလို့။ မသုံးပဲထားတဲ့ ခြေထောက် အားနဲ့ ပျံဝဲမကြည့်တဲ့ အတောင်တွေရဲ့ အဟုန်ကို ဘယ်လုံပုံနဲ့ သိနိုင်ပါ့မလဲ။ ပျံမှသွားမှ အစွမ်းအစကို သိနိုင်မယ် မဟုတ်လား။

ဥခွံထဲမှာ ဆိုလျင်တော့ ကိုယ့်ဘဝ ပိုမို လုံခြုံတန်ကောင်း လုံခြုံမှာပါ။ ဒါပေမယ့် ငှက်တစ်ကောင်ဆိုတာ ဥခွံထဲမှာ အစဉ်ထာဝရ နေနေရုံနဲ့ ဘဝအလှက ပြည့်စုံ သွားနိုင်တာမှ မဟုတ်တာ။ ဥခွံထဲမှာချည်း ကိန်းအောင်း နေသင့်တာမျိုးမှလည်း မဟုတ်တာ။ ချိန်တန်စေ့ ရောက်လျင်ဖြင့် ငှက်ဆိုတာ ပေါက်ရ စမြဲပဲ မဟုတ်လား။ ကောင်းကင် ကျယ်ကျယ်ထဲမှာ လေဟုန်ဆန်ဖို့ သဘာဝကိုက တောင်ပံတစ်စုံ ဖန်တီးလို့ ပေးထားတယ်လေ။ ဥခွံထဲမှာသာ ဘဝကို ကုန်ဆုံး သွားမယ်ဆိုလျင် အတောင်တစ်စုံ ဖန်တီး ပေးထားခြင်းဆိုတာ ငှက်တစ်ကောင် အတွက် အပိုသက်သက်သာ ဖြစ်လေမှာပေါ့။ အကျဉ်းအမှောင် ကို ကြောက်လျင်ဖြင့် အကျယ်နဲ့ အလင်းကို ကွယ်ကာထားတဲ့ အခွံအကာကို ဖောက်ထွင်းလို့ ထွက်ရ မယ်လေ။

အပြင် လောက ထဲကို ထွက်လာတဲ့ ငှက်တစ်ကောင်အတွက် လေဆန်ကိုလည်း ပျံတန်ပျံရမယ်။ နေဒဏ်ကိုလည်း ခံတန်ခံရမယ်။ လေတိုးလို့ အတောင်ကျိုးကောင်းလည်း ကျိုးမယ်၊ နေထိုးလို့ အရောင် ညှိုးကောင်းညှိုးမယ်။ စိုးရွံ့စရာ အနန္တနဲ့ အပျံသင်စ ငှက်တစ် ကောင်ရဲ့ဘဝဟာ အစစ လှပ ကောင်းမှလည်း လှပလိမ့်မယ်။ သို့ပေမယ့် ဥခွံဝကနေ စလို့ မြင်ရတဲ့ အလင်းစနဲ့ လတ်ဆတ်တဲ့ လေပြေတစဟာ ကောင်းကင် ကျယ်ကျယ်ထဲကို ပျံသန်းမယ့် ငှက်တစ်ကောင်ရဲ့ ဘဝအစအတွက် အင်အားစုတစ်ခုတော့ ဖြစ်မှာ အသေအချာပါပဲ ဆိုတဲ့အတွေးနဲ့ ဥခွံထဲကနေ ဖောက်ထွက်ဖို့ ခြေ တစ်လှန်း စလိုက်တယ်။ ကမ္ဘာလောကကြီးက ကိုယ့်ကိုယ် အစိမ်း သက်သက် ငှက်တစ်ကောင် အဖြစ် ရက်စက်စွာ ဥပေက္ခာ ပြုလိမ့်မယ်တော့ မဟုတ်ဘူးဆိုတဲ့ ယုံကြည်ချက် လေးတစ်ခုနဲ့ပေါ့လေ။

ဗုဒ္ဓမိန့်ကြားတဲ့ အဝိဇ္ဇာ ဥခွံကို ဖောက်မထွက် နိုင်သေးသည့်တိုင် ဘဝ တစ်ခုအတွက် ကန့်သတ်မှုဖြစ်စေ တဲ့ အခွံအကာ အလွှာ အထပ်ထပ်ကိုတော့ ကျော်ဖြတ်ကာ ဖောက်ထွက်လို့ ကြည့်ရမယ်လေ။ ငှက်ဆို တာ တစ်ပင်တစ်ကိုင်း ထဲမှာတွယ်ကာ အစဉ် နားနေတတ်တဲ့ သတ္တဝါမျိုးမှ မဟုတ်တာ။ နားလည်း နားနေလို့ သင့်တာမျိုး မှလည်း မဟုတ်တာ။ ။
ရေးသးသူ- အရှင်ဉာဏိကာဘိဝံသ
(ကာလီဖိုးနီးယားတက္ကသိုလ်)


ဆက်ဖတ်ရန်>>>

Dhamma Talk Program This Week- End ( Singapore)

တရားချစ်ခင် သူတော်စင် အပေါင်းတို.အား လေးစားစွာဖြင့် သတင်းကောင်း ပါးအပ်ပါတယ် ရှင်။
Pa-Auk Meditation Centre (Singapore)
Pa-Auk Meditation Centre is pleased to attach the schedule for the activities organised for you in the month of August 2010.
UPOSATHA DAY
Taking of 8 precepts from Bhante U Ukkansa on 7.30am on Uposatha Days (please refer to the calendar for the date of Uposatha Days).
DAY RETREAT
If you wish to participate in the Saturday Day Retreat for August (7, 14, 21 & 28/08), please register with us by replying this email with your name and the date(s) you wish to join. The Schedule of the Day Retreat is as follow:

8.15am - taking of 8 precepts & meditation instructions from Bhante U Ukkansa (by request)
8.30am to 10pm - 1st group sitting
10pm to 2pm - Lunch Dana, yogis' lunch / resting time
2pm to 3.30pm - 2nd group sitting
4.30pm to 6pm - 3rd group sitting

** (The activities in the schedule may change due to unforseen circumstances. In case of any changes we will try to notify.)
************************************************************
အထက်ပါ တရားပွဲ သတင်းများကို http://www.dhammadownload.com မှ သတင်းရ ရှိပါတယ်ရှင်။

ဆက်ဖတ်ရန်>>>

ဝမ်းနည်း ကြေကွဲခြင်း။

သူငယ်ချင်း ခင်သီတာမြင့် နှင့် နှင်းထက်ဝေ တို.၏ အဘိုး ဦးငွေလိုင် အသက်(၉၃) နှစ်သည် (၂၂.၀၈. ၂၀၁၀) တနင်္ဂနွေနေ. ည ၁၀ နာရီအချိန်တွင် (၉၆) ပါးရောဂါဖြင့် ဘ၀တစ်ပါးသို. ပြောင်းသွားပါသဖြင့် မိသားစု နှင့်အတူ ထပ်တူထပ်မျှ ၀မ်းနည်း ကြေကွဲရပါကြောင်း ။

ပိတောက်ရွှေဝါ သူငယ်ချင်း တစ်စု
ကိုဇေယျာ၊ ကိုကျော်ဇေယျ၊ ကိုကျော်နိုင်ထွန်း၊ ကိုအောင်ဇော်၊ ဖြိုးသီဟဇော်၊ မိုးမြင့်မောင်မောင်၊ ဦးဂန်တီ၊ ဦးသန်.ဇင်
မြသူဇာ၊ ၀င်းဝင်းကြည်၊ မတိုးသန္တာလိုင်၊ မေစိုး၊ ဇာဇာ၊ မို.မို.စိုး၊ သက်ထားညွန်.၊ မသိင်္ဂီ၊ မစန္ဒာ၊ ရွှေစင်၊

ဆက်ဖတ်ရန်>>>

Monday, August 23, 2010

သမီး မိန်းကလေး ဆိုတာ။ (Baby Girl)


ကျွန်မရဲ့ ညီမလို ခင်နေရတဲ့ ညီမလေး တစ်ယောက် သားဦး ကလေး ရတော့မယ် ဆိုတော့ သူမ-မွေးမဲ့ ကလေးလေး ဟာ ယောကျာ်းလေး ဖြစ်မလား၊ မိန်းကလေး ဖြစ်မလားဆိုတာ အာလ်ထဆောင်း ultrasound ရိုက်ကြည့် လိုက်တဲ့အခါ (Baby Boy-တဲ့လေ ) ယောကျာ်းလေး ဆိုပြီး အဖြေရခဲ့ ပါတယ်။ သူတို့ ဇနီးမောင်နှံကတော့ သားဦးလည်း ဖြစ်ပြန်၊ ယောကျာ်းလေးလည်း ဖြစ်ပြန် ဆိုတော့၊ ပျော်လိုက်တဲ့ ဖြစ်ခြင်းပါပဲ။ ကျွန်မလည်း ဒီသတင်း ကိုကြားမိတော့ ၀မ်းသာ မိတာတော့ အမှန်ပါပဲ။ ကျွန်မ ၀မ်းသာ ရတဲ့ အကြောင်းရင်း လေးကတော့ ယောကျာ်း ဘာသား ပြည့်ခွန်အား ဆိုတာလေးကို တွေးမိပြီး ၀မ်းသာရ ခြင်းပါပဲ။

ကျွန်မ ရဲ့ သူငယ်ချင်း နောက်တစ်ယောက် ကတော့ မိန်းကလေး မွေးမှာ လို. အဖြေရ သတဲ့လေ။ တစ်ဖြည်းဖြည်းနဲ့ ဆေးပညာက တိုးတက်လို.လာလိုက်တာ မမွေးသေးတဲ့ ကလေးလေး (၆) လကျော်ကျော် (၇) လလောက်မှာပဲ ယောကျာ်းလေးလား၊ မိန်းကလေးလား ဆိုတာ အာလ်ထဆောင်း ultrasound ရိုက် ကြည့်ပြီး ကြိုသိခဲ့ကြရပါတယ်။ ခုဆိုရင် စင်္ကာပူ မှာတော့ (၅) ငါးလ လောက်ပဲ ရှိသေးတဲ့ သန္ဓေသား လေးကို သားယောကျာ်းလေး၊ သမီးမိန်းကလေး ဆိုပြီး ခွဲခြား ခန်.မှန်းပြောဆိုလို. ရနေပြီလေ။ ဟိုးအရင်တုံး က ဒီလို စက် ကိရိယာ တွေ မပေါ် သေးခင် တုံးကပေါ့၊ ကျွန်မရဲ့ အမေပြောဖူး တာလေးတွေ ကြားဖူးတာက မိခင်လောင်း တွေဟာ ကိုယ့်ဝမ်းထဲက သန္ဓေသားလေး ကို ယောကျာ်းလေးလား၊ မိန်းကလေးလား ဆိုတာကို တပ်အပ် ဘာမှ မပြော နိုင်ခဲ့ကြဘူးတဲ့၊ မိခင်ဟာ ကိုယ်ဝန်ဆောင် ရင်းနဲ့ မိခင်လောင်းရဲ့ နေပုံထိုင်ပုံ လူပ်ရှားပုံဟာ သွက်သွက် လက်လက် ပေါ့ပေါ့ပါးပါး ဖျတ်ဖျတ် လတ်လတ်နဲ့ ရှိတယ်ဆိုရင် ယောကျာ်းလေး မွေးလိမ့်မယ်။ လေးလံ ထိုင်းမိုင်းနေရင် မိန်းကလေး မွေးလိမ့်မယ်၊ ကိုယ်ဝန်ဆောင် မိခင်လွယ်ထားတဲ့ ဗိုက်ရဲ့ အနေအထားက ချွန်ရင်သားလေး၊ ၀ိုင်းရင် သမီးလေး၊ ချဉ်ခြင်း တပ်တဲ့ အစားအစာ ကိုကြည့်ပြီး မိန်းကလေး၊ ယောကျာ်းလေး စတဲ့ မသေချာတဲ့ မှန်းဆ ထင်မြင်ချက်တွေ နဲ့ပဲ မိခင်လောင်း တွေဟာ စမ်းတ၀ါးဝါး နေခဲ့ကြရတာပေါ့။

မိန်းကလေးလို. အဖြေ ရခဲ့တဲ့ ကျွန်မ သူငယ်ချင်း ကတော့ ကျွန်မ တို. အတူ ဆုံတဲ့ နေ.မှာပဲ သူငယ်ချင်း “ကိုယ်က သားလေး လိုချင်တာ။ အခု အဖြေ ထွက်တာ သမီးလေးလို. အဖြေရတယ် ။ ကိုယ်ကတော့ သမီး မိန်းကလေး အပေါ် ခါးခါး သီးသီး မရှိလှပေမဲ့ ဖြစ်နိုင်ရင် သားကို ပိုလိုချင်တယ် ”ကျွန်မအား သူငယ်ချင်းပီပီ ရင်ဖွင့်ပါတော့တယ်။ သူမရဲ့ အမျိုးသားကလည်း သားဦး ယောကျာ်းလေး ကို ပိုလိုချင်တဲ့ ဆန္ဒ ရှိတယ်တဲ့။ ဒါကြောင့် ကျွန်မကလည်း သူမကို ဖျောင်းဖျ ရ တော့ တာပေါ့။ ကျွန်မတို. မြန်မာ မိခင်လောင်းတွေ တော်တော် များများ ကတော့ သားဖြစ်ဖြစ် သမီးဖြစ်ဖြစ် သားသမီးဟာ ရတနာ တစ်ပါးပဲ လို. မှတ်ယူ ထားကြပါတယ်။ သဘာဝက ခွဲခြားပေးတာ မဟုတ်ပဲနဲ့ လူမူ.ရေးနဲ့ ဆိုင်တဲ့ အယူအဆတွေ၊ သတ်မှတ်ချက်တွေ၊ အစွဲအလန်းတွေ ၊တာဝန်ယူမူ.တွေ ကြောင့် ခွဲခြား ဆက်ဆံ ခံရခြင်းကို ဂျင်ဒါ (Gender) ခွဲခြားမူ.လို.ခေါ်ပါတယ်။

ဒီလို ဂျင်ဒါ ခွဲခြား ဆက်ဆံမူ. တွေကြောင့် တချို့ နိုင်ငံတွေ မှာတော့ အသက် ဆုံးရှုံးသည် အထိ နစ်နာရတာတွေ ရှိပါတယ်။ အိန္ဒိယ နဲ့ တရုပ်ပြည်ကြီး မှာရှိတဲ့ အမျိုးသမီး တွေအပေါ် အမျိုးသားများ က လွမ်းမိုး မူ.ကြီးမား လေတော့ သမီး မိန်းကလေးဆို မလိုချင်ကြဘူး။ သားယောကျာ်း လေးကိုပဲ လိုချင်ကြတယ်။ မိန်းကလေးမွေးတဲ့ မိဘတွေ ဟာ မျက်နှာငယ် ကြရပါတယ်။ မိသားစု တစ်ခုမှာ ကလေး တယောက်သာ ယူရမယ် ဆိုတဲ့ စည်းမျဉ်း ဥပဒေ ထုတ်လိုက်တဲ့ အခါ တစ်ဦးတည်းသော ကလေးကို ယောက်ျား လေး သာ ဖြစ်ချင်ကြ တာကြောင့် ၊ ကိုယ်ဝန်ကို အာလ်ထဆောင်း ultrasound ရိုက်ကြည့်လိုက်လို့ သန္ဓေသားက မိန်းကလေး မှန်း ကြိုသိလိုက်တဲ့ အခါ့ ကိုယ်
ဝန် ကို ဖျက်ချ တာတွေ တောင်ရှိခဲ့ဘူးပါတယ်။

ဂျင်ဒါ ခွဲခြားမူ.ဟာ လူမူ.ရေးနှင့်ဆိုင်တဲ့ အယူအဆတွေ၊ သတ်မှတ်ချက်တွေ၊ လူ.ပတ်ဝန်းကျင်ရဲ့ ယဉ်ကျေးမှု၊ ဘာသာရေး၊ လူမှုရေး တို့နှင့် ဆက်နွှယ် တွန်းအားပေး ခံရတာတွေကြောင့် အပြုအမူ၊ အနေအထိုင်၊ တာဝန်ခွဲဝေမူ.၊ဆောင်ရွက်မူ. အခန်းကဏ္ဍ များဟာလည်း ကွဲပြားသွား ပါတယ်။ ဂျင်ဒါ ခွဲခြားမူ.ကြောင့် လူမှု.၀န်းကျင်ရဲ့ အခန်းကဏ္ဍ တို.ဟာလည်း တဖြည်းဖြည်း သတ်မှတ် ခွဲခြား ခံရစေပါတယ်။

အမျိုးသမီးတွေက အိမ်မူ.ကိစ္စတွေကို တာဝန်ကိုယူကြရတယ်။ အမျိုးသားတွေက အပြင်ထွက် စီးပွါးရှာရတယ်။ ဒါက လိင်ကွဲပြားမှု မဟုတ်တော့ပါဘူး၊ ဂျင်ဒါ (Gender) ကွဲပြားမှု ဖြစ်သွားပါတယ်။ သဘာဝက ခွဲခြားပေးတာ မဟုတ်ဘဲ လူမှုရေးနယ်ပယ်၊ ဘာသာရေး နယ်ပယ်၊ ယဉ်ကျေးမှုနယ်ပယ် တို့က ခွဲခြားပေးမှု.ကြောင့် အခန်းကဏ္ဍတွေ တာဝန်ယူမှုတွေ ကွဲပြားသွားရတာကို ဂျင်ဒါကြောင့် ခွဲခြား ဆက်ဆံခံ ရခြင်းလို. သတ်မှတ်ပါတယ်။

သဘာဝက ခွဲခြား ပေးထားတာ ကိုတော့ လိင်ကွဲပြားမှု လို.ခေါ်ပါတယ်။ အဲဒါကိုတော့ (Sex) လို.ခေါ်ပါတယ်။ ဖိုမ သဘာဝ ၊ လိင် သဘာဝနဲ့ သက်ဆိုင်ခြင်း ဖြစ်ပါတယ်။ အမျိုးသမီးတွေမှာ ပါတဲ့ လိင်အင်္ဂါနဲ့ အမျိုးသားမှာပါတဲ့ လိင်အင်္ဂါ မတူပါဘူး။ ဒါကြောင့် အမျိုးသမီး နဲ့ အမျိုးသားတွေရဲ့ ဆောင်ရွက်ချက်မူ.တွေ ကလည်း မတူကြပါဘူး။ အမျိုးသမီးတွေက ကိုယ်ဝန် ဆောင်နိုင်တယ်။ ကလေး မွေးနိုင် တယ်။ နို့တိုက် နိင်ပါတယ်။ အမျိုးသားတွေက ကိုယ်ဝန် မဆောင်နိုင်။ ကလေး မမွေးနိုင်။ နို့မတိုက်နိုင်ပါဘူး။ ဒါက သဘာဝ မွေး က တည်းက ခွဲခြားပေးလိုက်တဲ့ လိင်ကွဲပြားမှု ကြောင့် ဆောင်ရွက်မူ. ကွဲပြားခြင်း ဖြစ်ပါတယ်။ ဒါကြောင့် (Gender) နှင့် (sex) ဟာ အဓိပ္ပါယ် သက်ရောက်မှု. အနည်းငယ် ကွဲပြားပါတယ်။

တစ်ချို. မမှန်ကန်တဲ့ နည်းလမ်းတွေ အယူအဆတွေ ဟာ အမျိုးသမီးတွေ အတွက် နစ်နာမူ.တွေ ဖြစ်ပေါ်စေပါတယ်။ ဒီလို တစ်ဖက်သတ် နစ်နာစေမဲ့ ၊အယူအဆတွေ အစွဲ အလန်းတွေတော့ မထားရှိ စေချင်ပါဘူး။ ဒါကြောင့် ကျွန်မ သူငယ်ချင်း သမီး မိန်းကလေး မွေးမဲ့ မိခင်လောင်းကို စိတ်မဆင်းရဲပါနဲ. ၊သမီး မိန်းကလေးဟာ မိဘ အတွက် အားကိုးရပါတယ်။ မိဘကို ခြေဆုတ် လက်နယ် ပြုသလို၊ ချစ်ခင်မူ. သံယောဇဉ် လဲ ပိုပါတယ်လို. ဖြောင်းဖျ ရပါတော့တယ်။

ကျွန်မတို.က မိန်းမဆိုတာ လူ.ဂုဏ်သိက္ခာ အပြည့် ရှိတဲ့လူသား၊ လူ.လောကကို ယောကျာ်းတွေနဲ့ တန်းတူရည်တူ တည်ဆောက် နေရတဲ့လူသား၊ လူ.လောကကို သာယာ ၀ပြောရေးအတွက် အားလုံးနဲ့ အတူတူ၊ တာဝန်ရှိတဲ့ လူသား ဖြစ်စေချင်တာပါ။ ဘယ်သူက ဘယ်သူထက်မှ လည်းမနိမ်. ကျစေချင်ဘူး။ တိရစ္ဆာန် လောက မှာတော့ နိုင်သူက အနိုင်ကျင့်တာလေ။ အားနည်းရင် အရူံးပေးရတယ်။ အားကြီးရင် အနိုင်ကျင့်တယ်။ ကျွန်မတို.က တိရစ္ဆာန်ထက် အများကြီး အဆင့်အတန်း မြင့်တာပဲဟာ။ အဲဒီတော့ အားလုံးအတွက် လူဟာ လူနဲ့တူအောင် တန်အောင်ပဲ ဖြစ်ကြ စေချင်တယ်။(လူထုဒေါ်အမာ- အမေ့ရှေးစကား)

အမျိုးသမီးများဟာ ကမ္ဘာ တစ်ဝက် ရွက်ထားသူတွေ ပါတဲ့။ ကမ္ဘာကြီးရဲ့ လူဦးရေ ထက်ဝက်ဟာ အမျိုးသမီးတွေ ဖြစ်တယ်။ အမျိုးသမီးတွေရဲ့ လုပ်အား မပါဘဲနဲ့ ကမ္ဘာကြီးဟာ ပုံမှန် လည်ပတ် မနေနိုင်ပါဘူး။ “အားနွဲ့တဲ့ မိန်းမ သား” ဆိုတဲ့ စိတ်ဓာတ်ကို အမျိုးသမီးများ ကိုယ်တိုင်က ဖျောက်ပစ်ဖို့ လိုပါ တယ်။ အမျိုးသမီး တွေလည်း လပေါ်တက်နေတဲ့ ခေတ်မှာ မိန်းမဆိုတာ ယောက်ျားတွေရဲ့ အလုပ်အကျွေး မဟုတ် တော့ပါဘူး။ ဒါကြောင့် အိမ်ဖော် တစ်ယောက်လို ယောက်ျားတွေ အလိုကျ ပြုစုပေးဖို့ မလိုပါဘူး။ “မောင်တစ်ထမ်း မယ်တစ်ရွက်” ဆိုတဲ့ ရှေးမြန်မာ စကားအတိုင်း တာဝန် မှန်သမျှ ယောက်ျား မိန်းမအတူ ခွဲဝေ ထမ်းဆောင် ကြရမှာပါ။ ယောက်ျားတွေ ကလည်း “အိမ်ဦး နတ်ကြီး” နေရာက နေပြီး ”ပေါ်ကြော့” နေချင်တဲ့ စိတ်ဓာတ်ကို ဖျောက်ပစ်ဖို့ လိုပါတယ်။ အမျိုးသမီးတွေဟာ ကမ္ဘာ တစ်ဝက်ကို ထမ်းရွက်ထား သူတွေ ဖြစ်တယ်ဆိုတဲ့ အချက်ကို မေ့မထားကြဖို့ လိုပါတယ်။ (လုထု စိန်ဝင်း- အားနွဲ့တဲ့ မိန်းမသား)

ဒါကြောင့် သမီး မိန်းကလေး ဆိုတိုင်းလည်း အားငယ်စရာ မလိုတော့ပါဘူးလို. ကျွန်မ ပြောပါရစေရှင်။ တန်ဖိုးရှိတဲ့ သမီး မိန်းကလေးတွေ ဖြစ်အောင် သူတို့လေးတွေရဲ့ ဗီဇ၊ ၀ါသနာတွေနဲ့ရော၊ ခေတ်နဲ့ ကိုက်ညီစေမဲ့ ဘယ်လို အတတ်ပညာ မျိုးကို သင်ပေးရ မလဲ ဆိုတဲ့ အရေး ကိစ္စ တွေကို မိခင်ရော ဖခင်ပါ စဉ်းစားပြီး ပြုစုပျိုးထောင် နိုင်အောင်သာ ကြိုးစား ကြပါလို.။ Baby Boy တွေ Baby Girl (သားယောကျာ်းလေး ဆိုတာတွေ၊ သမီး မိန်းကလေး) ဆိုတဲ့ အဖြေတွေကို တွေးပြီး စိတ်ပူပန် သောက များပြီး ရွေးချယ် နေဖို. မလိုပါဘူး။ သဘာဝက ပေးအပ်လိုက်တဲ့ ကိုယ့်နဲ့ ထိုက်တန်တဲ့ လက်ဆောင်လေးကို ကြည်ဖြူ ၀မ်းမြောက်စွာနဲ့ လက်ခံ လိုက်ပါ။ ပြီးတော့ သားလိမ္မာ၊ သမီးလိမ္မာလေးတွေ ဖြစ်အောင် ပြုစု ပျိုးထောင် လိုက်ကြပါလို. ။အနည်းဆုံးရလဒ်လေး တစ်ခုကတော့ အမေရော၊ အဖေရော နှစ်ဦးလုံး အလုပ်လုပ်ကြရပြီး ပင်ပန်းတဲ့ အခါ သားလိမ္မာ၊ သမီးလိမ္မာလေး တွေဟာ မိဘ တွေရဲ့ ဘ၀အမော တွေကို ကုစား နိုင်ပါတယ်။
စာကိုး- ဂျူး - မီဒီယာနှင့် ဂျင်ဒါ
လူထုဒေါ်အမာ - အမေ့ရှေးစကား
လူထုစိန်ဝင်း- အားနွဲ.တဲ့ မိန်းမသား

ရေးသားသူ- မေစိုး (Shwe Mandalay)


ဆက်ဖတ်ရန်>>>

Tuesday, August 17, 2010

စိတ်ညစ်ရင် ရေချိုးပါ။ (ရဝေနွယ်- အင်းမ)


တစ်ခါတုန်းက သားအဖ နှစ်ယောက်ရှိပါတယ်။ တစ်နေ့တော့ သားအဖ နှစ်ယောက် ခရီးတစ်ခု ထွက်ဖို့ ပြင်ကြပါတယ်။ သူတို့ထွက်မယ့် ခရီးစဉ်မှာတော့ အုပ်တစ်ခုကို ဖြတ်သန်း သွားရမှာပါ။ အဲဒီ တောအုပ်ထဲမှာ ဓားပြ သူခိုးတွေကလည်း ရှိနေပါတယ်။ဓားပြသူခိုးတွေရဲ့ လုပ်ထုံး အစဉ်အလာ တစ်ခုက သားအဖ နှစ်ယောက် လာရင် သားကိုဖမ်းပြီး အဖေလုပ်သူကို အိမ်ပြန်ပြီး ငွေယူစေပါတယ်။ ဆရာတပည့် လာရင်လည်း ဆရာကို ဖမ်းပြီး တပည့်ကို အိမ်ငွေပြန်ယူ စေပါတယ်။ ဒီလုပ်ထုံး အစဉ်အလာကိုသိထားတော့ သားအဖ နှစ်ယောက်က ခရီးမထွက်ခင် အဖေလုပ်တဲ့သူက “ငါ့သား ဓားပြ သူခိုးတွေနဲ့ တွေ့တဲ့အခါ မင်းနဲ့ငါ သားအဖ တော်တယ်လို့ မပြောနဲ့ ဘာမှ မတော်ဘူးလို့ ပြော” လို့ မှာပါတယ်။

ဒီလိုနဲ့ တောထဲရောက်တော့ ထင်တဲ့အတိုင်း ပါပဲ။ ဓားပြသူခိုးတွေနဲ့တွေ့ပါတယ်။ တွေ့တော့ သားအဖ နှစ်ယောက်ကို ဖမ်းပြီး “သင်တို့ ဘာတော်သလဲ” လို့ မေးတော့ သားလုပ်တဲ့သူက“ဘာမှ မတော်ဘူးလို့” ပြန်ဖြေ လိုက်ပါတယ်။ ဒီတော့ သားအဖ နှစ်ယောက် တောအုပ်က ထွက်ခွင့်ရပြီး ရှေ့ကို ခရီးဆက်ခဲ့ကြပါတယ်။ နားရမယ့် နေရာမှာနားပြီး ညချမ်း ရောက်တော့ ရေချိုးပါတယ်။ ရေချိုးပြီးတော့ စိတ်ကော၊ ရုပ်ကောကြည် နေတဲ့အတွက် သားဖြစ်သူက မိမိရဲ့ တစ်နေ့တာ သီလကို ပြန်ဆင်ခြင်တဲ့အခါ မနက်က မုသားပြောခဲ့ တာကို ပြန်သတိရ ပါတယ်။ ထိတ်လန့်သံဝေဂ ဖြစ်ပြီး“ဒီအကုသိုလ်ဟာ ငါ့ကို အပါယ်ချ တော့မှာပဲ” ဆိုပြီး ရပ်လျက် ၀ိပဿနာ ပွားလိုက်တာ ပစ္စေကဗုဒ္ဓါ အရှင်မြတ် ဖြစ်သွားပါတယ်။ ပစ္စေကဗုဒ္ဓါ ဖြစ်သွားတော့ ဖခင်ကို တရားဟောပြီး နန္ဒမူ လိုဏ်ဂူကို ကြွသွားပါတော့တယ်။ (ငါးရာ့ငါးဆယ်၊ ပါနီယဇာတ်)

ရေချိုးလိုက်လို့ တရားထူး တရားမြတ် ရသွားတာတော့ မဟုတ်ပါဘူး။ အတိတ် ပါရမီတွေကြောင့် ရသွားတာပါ။ ဒါပေမယ့် ရေချိုး လိုက်တာလည်း တရားထူးရဖို့ အထောက်အပံ့ တစ်ခု ဖြစ်သွားတာပါ။ ရေချိုးထားတဲ့ စိတ်ကော ရုပ်ပါကြည် နေပါတယ်။ စိတ်ရုပ် ကြည်နေတဲ့ အတွက် တရား အားထုတ်ရတာလည်း ပိုပြီး အဆင်ပြေ သွားပါတယ်။ ရေချိုးခြင်းဟာ တရားထူးရဖို့တောင် အထောက်အပံ့ ပေးတာဆိုတော့ စိတ်ညစ် တာလောက်တော့ အထူး ပြောစရာ မလိုတော့ ပါဘူး။ ဒါက ၀တ္ထု သာဓကလေးကို ကိုင်ပြောတာပါ။ စာနဲ့
ကိုင် ပြောမယ်ဆိုရင်လည်း ၀ိဘင်း အဋ္ဌကထာမှာ ပညာပွားကြောင်း (၇) ပါးကို ပြထားပါတယ်။ အင်္ဂါ (၇) ပါးမှာ ဒုတိယ အင်္ဂါက ဉာဏ်ပညာ ပွားဖို့ အတွက် ကိုယ်တွင်း ကိုယ်ပ နှစ်ဌာနကို သန့်ရှင်း စင်ကြယ်အောင် လုပ်ပေးပါတဲ့။ သန့်ရှင်း စင်ကြယ်အောင် လုပ်ပေးပုံကို လည်း အကျယ် ပြန်ရှင်း ပြထားပါတယ်။ ဆံပင်တွေ ရှည်နေမယ်၊ ခြေသည်း လက်သည်းတွေ ရှည်နေမယ်၊ ခန္ဓာကိုယ်မှာ ချွေးတွေ၊ ကြေးတွေ ကပ်နေမယ်၊ ခန္ဓာကိုယ်ထဲမှာ အပူအပုပ်တွေ လေဆိုး တွေရှိနေမယ်၊ ဒါဟာ အတွင်းဝတ္ထု မသန့်ရှင်းတာပါ။
နောက် ကိုယ့်ရဲ့ အ၀တ်အစားတွေ ဟောင်းနွမ်းနေမယ်၊ အိပ်ရာ၊ ခြင်ထောင်၊ စောင်၊ ခေါင်းအုံးတွေ ဟောင်းနွမ်းနေမယ်။ ကိုယ်နေတဲ့ အခန်းထဲမှာ ပစ္စည်းတွေ ဖရိုဖရဲ ဖွာလန်ကြဲနေမယ်။ပင့်ကူမျှင်တွေ ငြိတွယ်နေမယ်၊ စာအုပ်တွေ ပြန့်ကျဲနေမယ်။ အမှိုက်တွေရှိနေမယ်။ ဒါဟာ အပြင်ဝတ္ထု မသန့်ရှင်းတာပါ။အဲဒီလို ကိုယ်တွင်း ကိုယ်ပ မသန့်ရှင်း တော့ဘူးဆိုရင် စိတ်ရှုပ် လာပါလိမ့်မယ်။

စိတ်ရှုပ်လာရင် ဉာဏ်အမြင် မကြည်လင် တော့ပါဘူး။ ဒါဆိုရင် နေရထိုင်ရတာ မပျော်ရွှင် တော့ပါဘူး။ ဒါကြောင့် ဆံပင်တွေ ရှည်နေမယ်၊ ရှုပ်ထွေး ညစ်ပတ် နေမယ်ဆိုရင် ညှပ်စရာရှိတာညှပ်၊ လျှော်စရာ ရှိတာလျှော် ပေးရမယ်။ ခြေသည်း လက်သည်းတွေ ရှည်နေရင် ညှပ်ပေးရမယ်။ ခန္ဓာကိုယ်မှာ ချွေးတွေ၊ ဂျီးတွေ ရှိနေရင် ရေချိုးပေးရပါမယ်။ ခန္ဓာကိုယ်ထဲမှာ လေဆိုးတွေ အပူ အပုပ် တွေရှိနေရင် နားလည်တဲ့ ဆရာဝန်နဲ့ ပြသပြီး ၀မ်းသက်စေတဲ့ ဆေးစသည် စားပြီး ခန္ဓာကိုယ် ပေါ့ပါးအောင် လုပ်ပေးရပါမယ်။

ဒါက အတွင်းဝတ္ထု သန့်ရှင်းအောင် လုပ်ပေးတာပါ။ နောက် အ၀တ်အစားတွေ ဟောင်းနွမ်းနေရင်၊ အနံ့ အသက်ဆိုးတွေရှိနေရင် လျှော်ပေးရမယ်။ စောင်တွေ၊ ခြင်ထောင်တွေ၊ ခေါင်းအုံးတွေ၊ အိပ်ရာခင်းတွေကို လျှော်စရာ ရှိတာလျှော်၊ နေလှန်းစရာရှိတာ လှန်းပြီး ပေးရပါမယ်။ အခန်းထဲမှာ ရှုပ်ပေပွနေရင် အခန်းသန့် ရှင်းရေး လုပ်ပေးရပါမယ်။ ဒါက အပြင်ဝတ္ထု သန့်ရှင်းအောင် လုပ်ပေးတာပါ။
ကိုယ်တွင်း ကိုယ်ပ သန့်ရှင်း နေရင် စိတ်ကြည်လင် လာပါလိမ့်မယ်။စိတ်ကြည်လင် လာရင် ဉာဏ်ပါ ကြည်လင် လာတော့တာပါ။ တရားအားထုတ်တဲ့ ယောဂီကော၊ စီးပွားရေး လုပ်နေတဲ့ သူကော၊ ကျောင်းသူ ကျောင်းသားကော၊ ကိုယ်တွင်းကိုယ်ပ သန့်ရှင်းအောင် ဂရုတစိုက် လုပ်ပေးနေရပါမယ်။

ဥပမာ - ရေချိုးပြီး တရားထိုင်တာနဲ့ ရေမချိုးဘဲ ချွေးသံ တရွှဲ ရွှဲနဲ့ တရားထိုင်တာ ဘယ်ဟာက ပိုပြီးထိုင်လို့ ကောင်းမလဲ? ခေါင်းလျှော်ပြီး တရားထိုင်တာနဲ့ ခေါင်းမလျှော်ပဲ ဆံပင် ဖွာလန်ကြဲနဲ့ တရားထိုင်တာ ဘယ်ဟာက ပိုပြီး စိတ်ကြည်လင်မလဲ? အထူး ပြောနေစရာ မလိုတော့ပါဘူး။ သိပ်သိသာပါတယ်။

ရေချိုးပြီးမှ တရားထိုင်ရင်ဉာဏ်ပိုပြီး သက်ဝင်ပါတယ်။ ထိုင်ရတာလည်းပိုပြီး ကောင်းပါတယ်။ ရေချိုးထားရင် စိတ်က ကြည်ကြည် လင်လင် လန်းလန်း ဆန်းဆန်း ဖြစ်နေတာပါ။ ဒီလိုပါပဲ။ ကျောင်းသား တစ်ယောက်ဟာ စာမကျက်ခင် ရေချိုးထားရင် စိတ်ကော၊ ရုပ်ကော ကြည်နေတဲ့ အတွက် ပိုပြီး ဉာဏ်သက်ဝင်သလို စာကျက်လို့ လည်း ပိုကောင်း နေပါလိမ့်မယ်။

ကိုယ်က ဒီသဘောလေး တွေကို အာရုံပြုပြီး ကိုယ်တွင်းကိုယ်ပ နှစ်ဌာနကို သန့်ရှင်းအောင် မကြာခဏ လုပ်ပေးနေရပါမယ်။ စိတ်ချမ်းသာနေရင် တရားအလုပ်ပဲလုပ်လုပ်၊ စီးပွားရေးပဲ လုပ်လုပ်၊စာပဲကျက်ကျက်၊ ဘာပဲလုပ်လုပ် အဆင်ပြေ နေပါလိမ့်မယ်။
တကယ်လို့ စိတ်ညစ်လာပြီ ဆိုရင် ကိုယ်နေတဲ့ အခန်းကို သန့်ရှင်းရေး လုပ်လိုက်ပါ။ အိပ်ရာ ခြင်ထောင်၊ ခေါင်းအုံးတွေကို လျှော်ဖွပ်ပြီး အသစ်နဲ့ လဲလိုက်ပါ။ ပြီးတော့ ရေချိုးလိုက်ပါ။ ရေချိုးပြီးရင် ကိုယ်နှစ်သက်တဲ့ လျှော်ဖွပ် ပြီးသား အ၀တ်လေးကို ၀တ်လိုက်ပါ။ အားလုံးပြီးတာနဲ့ အသစ်လဲပြီးသား အိပ်ရာပေါ်မှာ ကိုယ်နဲ့ သပ္ပါယ ဖြစ်သလို ထိုင်ပြီး ခါးကို ဖြောင့်ဖြောင့်ထား၊ မျက်လုံးလေးမှိတ်၊ လက်အုပ် ကလေးချီပြီး ငါးပါးသီလကို ယူလိုက်ပါ။ တစ်ဆက်တည်းပဲ “မြတ်စွာဘုရား၊ ဘုရားတပည့်တော် ခန္ဓာကိုယ်ထဲကို သီတင်းသုံး
တော်မူပါဘုရား”လို့ ပင့်လိုက်ပါ။ ကိုယ်က အမျိုးသမီး ဖြစ်နေလို့ ပင့်ရမှာ အားနာ နေရင်လည်း ဦးခေါင်းထက်ကို ပင့်လိုက်ပါ။ စိတ်ထဲမှာလည်း မြတ်စွာဘုရား ကိုယ့်ခန္ဓာကိုယ်ထဲ၊ ကိုယ့်ဦးခေါင်းထက်မှာ ရှိနေတယ်လို့ နှလုံးသွင်းထားပါ။

မြတ်စွာဘုရား ကတော့ ပရိနိဗ္ဗာန် စံပြီးပြီဆိုတော့ တကယ်တော့ ဘယ်ကြွလာမှာလဲ။စိတ်ဓာတ် အင်အားကို ယူတာပါ။ စိတ်ထဲမှာ မြတ်စွာဘုရား တကယ်ကြွလာတယ်လို့ နှလုံးသွင်း ထားရမှာပါ။ အားလုံးပြီးရင် လက်အုပ်ချီ ထားတာလေးချပြီး အရဟံ ဂုဏ်တော်ကို ငါးမိနစ်၊ မေတ္တာကို ငါးမိနစ်၊ ၀ိပဿနာကို ငါးမိနစ် ပွားနေလိုက်ပါ။ ဒါဆိုရင် စိတ်ချမ်းသာ လာပါ လိမ့်မယ်။ မယုံရင်စမ်းကြည့်ပါ။
စာရေးသူလည်း စိတ်ညစ်လာရင် ဒီနည်းအတိုင်းပဲ လုပ်တာပါ။ ဒါဆို စိတ်ညစ်တာ ပျောက်သွားတာ များပါတယ်။ ကိလေသာ မကင်းသရွေ့တော့ စိတ်တွေက အခါအားလျှော်စွာ ညစ်နေရဦးမှာပါ။ စိတ်ညစ်တာကို ညစ်တဲ့ အတိုင်းမထားဘဲ ကိုယ်နှစ်သက်တဲ့ နည်းတစ်ခုခုနဲ့ ပယ်ပစ်လိုက်နိုင်ဖို့ပါ။ ရေချိုးလိုက်တာကတော့ သိပ်ပြီးမခက်လှပါဘူး။

ဒီနည်းလေးကို ကိုယ်က အထုံအကျင့်လေးတစ်ခုလုပ်ထား လိုက်ဖို့ပါ။“စိတ်ညစ်လာတာနဲ့ ရေချိုးလိုက်၊ ဂုဏ်တော် မေတ္တာလေး ပွားလိုက် ၊ စိတ်ညစ်လာတာနဲ့ ရေချိုးလိုက် ဂုဏ်တော် မေတ္တာလေး ပွားလိုက်” နဲ့ကျင့်ပါများ သွားရင် အထုံ ဖြစ်သွားပါလိမ့်မယ်။ အထုံဖြစ်သွားရင် စွဲသွားတာ များပါတယ်။ ကောင်းတဲ့ အထုံ လေးတွေဆို စွဲနေအောင် လုပ်ထားရပါတယ်။

အဲဒီလိုမှ မဟုတ်ဘဲ စိတ်ညစ်လာရင် ထွက်ပေါက် အနေနဲ့ အကုသိုလ် မကင်းတဲ့ တခြားတစ်ခုခုကို သွားလုပ်မယ် ဆိုရင်တော့ ကိုယ်ပြုတဲ့ အပြုအမူက စွဲသွားတတ် ပါတယ်။ မကောင်းတာ စွဲသွားရင် ဖြတ်ရတာ ခက်ပါတယ်။ စိတ်ညစ်တာကို အကြောင်းပြုပြီး အကုသိုလ် မကင်းတဲ့ အပြုအမူတွေ စွဲသွားတဲ့ သူတွေအများကြီးပါ။ တွေ့ဖူး မြင်ဖူးကြမှာပါ။

တချို့ကျတော့ စိတ်ညစ်လာရင် တစ်ယောက်ယောက်ဆီကို ဖုန်းဆက် ပြောလေ့ရှိပါတယ်။ ကိုယ်ဖုန်းဆက် ပြောတဲ့သူက ကောင်းမြတ်တဲ့ အကြံပေးရင် တော်ပါရဲ့။ “ဘယ်လို ကဲလိုက်ပါလား၊ ဘယ်လိုလုပ်လိုက် ပါလား” စသည်ဖြင့် အကုသိုလ် မကင်းတဲ့
အကြံတွေ ပေးလိုက်ရင် ကိုယ့်အတွက် အများကြီးနစ်နာ သွားနိုင်ပါတယ်။

ကဲထားပါတော့။ တစ်ယောက်ယောက်ဆီ ဖုန်းဆက် အကြံဉာဏ်တောင်း လို့ ကိုယ် အကြံတောင်းတဲ့ သူက“လာခဲ့၊ ဘယ်ဆိုင်မှာ ဘယ်ကလပ်မှာ သွားကဲရအောင်၊ လုံးဝ လန်းသွားစေရမယ်”ဆိုပြီး လှမ်းခေါ်ပါပြီတဲ့။ ခေါ်တဲ့အတိုင်း နေရာတစ်ခုခု မှာ ကဲပါပြီတဲ့၊
ကဲနေတုန်းမှာ လန်းတယ်လို့ ထင်ရပေမယ့် ကဲပြီးတော့လည်း ညစ်လက်စ စိတ်က ပြန်ညစ် ရဦးမှာပါ။ နောက်ဆုံး ကိုယ့်မှာ အကုသိုလ် အပိုဖြစ်ရတာပဲ အဖတ်တင်တာပါ။ စိတ်ညစ်တဲ့အခါ ထွက်ပေါက် မျိုးစုံတော့ ရှိနေကြမှာပါ။ အဲဒီအထဲကမှာ ကောင်းတဲ့ ထွက်ပေါက် လည်းဖြစ်၊ ကိုယ်နဲ့ သပ္ပါယသင့်တဲ့ ထွက်ပေါက်လည်း ဖြစ်တဲ့ ထွက်ပေါက် တစ်ခုကို အလေ့အကျင့် လုပ်ထား လိုက်ဖို့ပါ။

စိတ်ညစ်ရင် အခြား တစ်ဖက်မှာ ဆိုးကျိုးတွေ ရှိနေတဲ့အတွက် ကောင်းတဲ့ ထွက်ပေါက် လေးတွေကို အထုံတစ်ခု အနေနဲ့ စွဲနေအောင် လေ့ကျင့် ထားနိုင်ရပါမယ်။ တကယ်တော့လည်း တရား သဘောအရ ဘယ်အရာမှ မမြဲပါဘူး။ စိတ်ညစ် တာလည်း အမြဲ တည်မနေနိုင်ပါဘူး။ ကာလတစ်ခုပါပဲ။ ကိုယ်က မမြဲတဲ့ သဘော တရားလေးကို သေချာ သဘောပေါက်ပြီး စိတ်ညစ် တာကို အကြောင်း ပြုပြီး ထွက်ပေါက် အနေနဲ့ အကုသိုလ် မပြုလိုက်မိဖို့ပါ။ စိတ်ညစ်နေတဲ့ ကာလတိုလေးမှာ ကုသိုလ်တွေကို လုပ်ချင်သည် ဖြစ်စေ၊ မလုပ်ချင်သည် ဖြစ်စေ ပေတေလုပ် နေလိုက်ပါ။ ရေမချိုးခင်မှာဘဲ ဘုရား ပန်းအိုးလဲတာ ဘုရား သောက်တော် ရေလဲတာ၊ ကိုယ်ကြိုက်တဲ့ အစားအစာလေး တွေကို မြတ်စွာဘုရားကို ကပ်တာ စသည်ဖြင့် လုပ်လို့လည်း ရပါသေးတယ်။ စိတ်ညစ်တာကို အမှီပြုပြီး ကုသိုလ် အမြတ်ထွက် အောင်လုပ်ပစ် ရမှာပါ။ ကာလ တစ်ခုကြာလို့ စိတ်ညစ်တာလည်း ပျောက်သွားရော၊ ကိုယ့်ရင်ထဲကို ပြန်ကြည့် လိုက်တဲ့ အခါ ကုသိုလ်တွေ တစ်လှေကြီး ဖြစ်နေတော့တာပါ။

ဒီ ကုသိုလ်တွေဟာ နောက်ဘ၀အထိ အထုံဓာတ် တွေအနေနဲ့  ပါသွားတော့ မှာပါ။ အထုံဝါသနာဆိုတာနောက်ဘ၀အထိ လိုက်တတ်တာဆိုတော့ နောက်ဘ၀မှာလည်း ကုသိုလ် ပါရမီတွေ ပြုဖြစ် နေဦးမှာပါ။ ဒါဆိုရင် နိဗ္ဗာန်နဲ့လည်း တဖြည်းဖြည်း နီးသွား တော့မှာပါ။ အဓိကကတော့ ဘယ်လို အာရုံပဲ ကြုံလာကြုံလာ၊ ကြုံလာတဲ့ အာရုံကို အကြောင်းပြုပြီး ကုသိုလ် ဖြစ်သွား ဖို့ပါ။ ဒါကို ကိုယ်က အလေ့အကျင့် ဖြစ်အောင် လေ့ကျင့်၊ လေ့ကျင့် ထားဖို့ပါ။ လေ့ကျင့် ထားရင် စွဲသွား တတ်ပါတယ်။ နောင်ဆိုရင် အထူး ကြောင့်ကြ စိုက်စရာ မလို တော့ပါဘူး။ ဘာပဲပြောပြော စိတ်ညစ်ရင် ရေချိုးလိုက်ပါ။ ဒါဆိုရင် စိတ်ချမ်းသာ လာပါလိမ့်မယ်။

ရေးသားသူ - အရှင်ရာဇိန္ဒ (ရဝေနွယ်- အင်းမ)

အလင်းတန်းဂျာနယ်

၇.၉.၂၀၀၉

ကျမ်းကိုး။

၁။ ဗောဇ္ဈင်ခုနှစ်ပါး မြတ်တရား၊ သပြေကန်ဆရာတော်။

၂။ မဟာဗုဒ္ဓ၀င် ပထမတွဲ၊ ပထမပိုင်း၊ တိပိဋကမင်းကွန်းဆရာတော်။

ဆက်ဖတ်ရန်>>>

Monday, August 9, 2010

ကျွန်မ ချစ်သော ရွှေမန္တလေး။

ကျွန်မ ဇူလိုင်လ ၂၁ ရက်နေ.မှာ မန္တလေး ကို တစ်ခေါက် ကျွန်မ ပြန်ရောက် ခဲ့ပါတယ်။ ကျွန်မ မန္တလေးကို ရောက်တော့ ကြားခဲ့တဲ့ သတင်း အနည်းအကျဉ်း လေးတွေကို စာဖတ်သူတွေကို ဖောက်သည်ပြန်ချ ရဦးမယ်။ လူတိုင်း ပြောနေတဲ့ ဈေးကွက်၊ စီးပွားရေး ဆိုတဲ့ အတိုင်း မန္တလေးမြို.သူ မြို.သား တွေနဲ့ ပြောတဲ့ ဈေးကွက် တွေထဲ မှာတော့ ကားအရောင်း အ၀ယ် ဈေးကွက်မှာဆိုရင် ကားဈေးတွေ ကျနေတယ်တဲ့။ ဒေါ်လာ ဈေးကွက် မှာလည်း ဈေးကျ နေပြန်ပါသတဲ့။ ရွှေဈေး ကတော့ မြင့်တက် နေတယ် လို.လည်း ကြားသိခဲ့ ရပါတယ်။ ဒီလို အပြောင်း အလဲတွေကြောင့် စီးပွားရေး သမားတွေက အိမ်၊ခြံ၊ မြေ၊ တိုက်ခန်းတွေ ဘက်ကို ရင်းနှီး မြုပ်နှံ မူ. တစ်ခု အနေနဲ့ သဘောထားပြီး ၀ယ်ယူ နေကြတဲ့ သူတွေလည်း ရှိ နေကြပါတယ် တဲ့လေ။

သဘောကတော့ အဆောက်အဦး မပါပဲ မြေ ပဲ ၀ယ်ဝယ်၊ အိမ်ပဲဝယ်ဝယ်၊ အိမ်ခြံမြေ ဈေးကွက်က ကျသွားတယ် ဆိုတာ သိပ်မရှိဘူး။ အနည်းဆုံး ငါးနှစ် ဆယ်နှစ်လောက် ရင်းနှီး မြုပ် ထားလိုက် တာနဲ့ အိမ်၊ ခြံ၊ မြေရဲ့ တန်ဖိုးဟာ သူ. နေရာ Location ပေါ်မူတည်ပြီး ဈေးတွေ မြင့်တက်လာတာတွေ ရှိတတ်တာကိုး။ ကိုယ်ရွေးချယ် ၀ယ်ယူတဲ့ နေရာက location လည်းကောင်းတယ်။ ရေ၊မီး၊ လမ်းပန်း ဆက်သွယ်ရေးလည်း အဆင်ပြေ လာတယ် ဆိုရင် ပို အကျိုးကျေးဇူး များနိုင်သတဲ့။ မန္တလေးမြို.ထဲမှာဆိုတော့ အိမ်နဲ့အတူ ဆိုင်ခန်းလည်း ဖွင့်လို.ရ တဲ့ မြို.ထဲ မှာရှိတဲ့ လမ်းမတန်း နေရာတွေဆို အိမ်၊ခြံ၊ မြေဈေးတွေ တော်တော်လေး ကောင်းပါတယ်။

အိမ်၊ခြံ၊ မြေ ဈေးကွက် မှာတော့ မန္တလေး နဲ့ ရန်ကုန် အနေအထားက သိပ်မတူလှဘူးပေါ့။ မန္တလေး အနေ အထား ကတော့ များသောအားဖြင့် တိုက်ခန်းတွေထက် လုံးချင်း အိမ်ယာတွေကို ပိုမို သဘောကျ နှစ်သက် ကြပါတယ်။ မြေအနေအထား ကျဉ်းရင်တောင်မှ အဲဒီမြေပေါ်မှာ ကိုယ်ပိုင် အိမ်၊ သို.မဟုတ် ကိုယ်ပိုင်တိုက် ကလေး ဆောက်ပြီး နေရတာ က လေ၀င် လေထွက်၊ ကောင်းပြီး ၊ ပူပြင်းတဲ့ရာသီဥတု ဒဏ်ကိုလည်း ကာကွယ် နိုင်တယ်။တိုက်ခန်း မဟုတ်တဲ့ အတွက် ရေ မတက်တာ ကိုလည်း စိတ်မပူရတော့ ဘူးပေါ့။ မန္တလေးက နေအိမ် တော်တော် များများဟာ ဟိုးအရင်ကတော့ အိမ်ဆောက်ရင် ကိုယ့်အိမ်မှာကိုယ် အ၀ီစိတွင်း တူးထားကြတယ်။ အရင်ကတော့ လက်နဲ့ငင်ယူရတဲ့ ရေတွင်းတေပေါ့။ အခုခေတ်မှာတော့ မော်တာနဲ့ ရေတင်ကြတာပေါ့။ ဒါလည်း လျှပ်စစ်မီး ပုံမှန်ပေး နေတယ် ဆိုရင်တော့ ရေရော မီးရော အဆင်ပြေ နေလေရဲ့။

အပူချိန် သိသိသာသာ မြင့်တက်တုံးကပေါ့။ အပူရှောင်တဲ့ အနေနဲ့ ပြင်ဦိးလွင် မှာ ခါတိုင်း အိမ်ငှားခ သုံးသောင်း တန် အိမ်ကို ငါးသောင်းလောက်ထိ ပေးပြီးငှားကြသတဲ့။ ဟိုတယ်ကတွေလည်း အခန်းတွေလည်း အပူရှောင် တုံးကဆို လူတွေ ပြည့်နေ တာပဲတဲ့လေ။ ဒီနှစ် နွေရာသီမှာ အပူချိန် တော်တော်လေး သိသိသာသာ မြင့်တက်ခဲ့ တာကြောင့် ရာသီဥတု အေးချမ်း သာယာတဲ့ ပြင်ဦးလွင် (မေမြို.) အနီးစခန်း တစ်ဝိုက်မှာ ရှိတဲ့ မြေကွက် တွေကို လည်း အိမ်ခြံမြေ ဈေးကွက် တစ်ခု အနေနဲ့ ၀င်ရောက်လာခဲ့ ပြန်သတဲ့။

ပြင်ဦးလွင်မှာ ရှိတဲ့ မြေကွက်တွေကိုတော့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် မြို.များက အများဆုံး ၀ယ်ယူနေကြ တယ်တဲ့လေ။ ပြင်ဦးလွင် မြို.ထဲထက် ပြင်ဦးလွင် မြို.သစ်မှာရှိတဲ့ မြေကွက်တွေကို ၀ယ်သူတွေက ပိုမို စိတ်ဝင် စားကြတယ်။ ပြင်ဦးလွင် မြို.ထဲမှာရှိတဲ့ မြေကွက်တွေက ရောင်းတဲ့သူတွေ သိပ်မရှိလှဘူး၊ မြေအကျယ်အ၀န်း၊ အဆောက်အအုံ လမ်းသာတဲ့ပေါ်မူတည်ပြီး ဈေးတန်လို.နေလေရဲ့။ တစ်နိုင်တစ်ပိုင် လောက် ၀ယ်ယူချင်တဲ့ သူတွေက တော့ ပြင်ဦးလွင် မှာရှိတဲ့ မြို. သစ်မြေကွက် တွေကို ပိုပြီး စိတ်ဝင်စား ကြပါတယ်။

မြို.သစ်မြေကွက်တွေက ပြင်ဦးလွင်- လားရို့း လမ်း မကြီးပေါ်နဲ.၊ ပြင်ဦးလွင်- လားရို့း လမ်းမကြီး အနီး၊မဝေးမှာ ရှိတဲ့ မြို.သစ်မြေကွက်တွေဟာ မြို.ထဲ ရပ်ကွက်တွေနဲ့ တစ်ဆက်တည်း ရှိတာကတစ်ကြောင်း ရာသီဥတုကလည်း ကောင်း၊ စိုက်ပျိုးရေးလည်း လုပ်နိုင်ပြီး၊ သွားရေးလာရေး အဆင်ပြေတော့ ကိုယ်နိုင်တဲ့ ဈေးလေးတွေနဲ့ ရှာပြီး ၀ယ်ယူကြပါတယ်။ ပြင်ဦးလွင်- မိုးကုတ် ကားလမ်း ဖောက်လုပ် ရန်အစီအစဉ်များ ရှိကြောင်း ကြားသိရတဲ့ အတွက် ထိုလမ်းကြောင်း ဖောက်လုပ်ရာ လမ်းပေါ်မှာ ရှိတဲ့ ရေငယ်ကျေးရွာ၊ မိုးကြိုးပစ်ကျေးရွာ၊ ရပ်ကွက်ကြီး ၁၂ မှာရှိတဲ့ မြေများကိုလည်း ၀ယ်သူတွေ ရှိလို.နေတယ်လို.လည်း ကြားသိရပါတယ်။ ပြင်ဦးလွင်က မြေကွက်တွေ ၀ယ်ယူသူများပြားတဲ့ အတွက်ကြောင့် ပြင်ဦးလွင်နဲ့ နီးတဲ့ မန္တလေးမြို.မှာ ပြင်ဦးလွင် မြေ အကျိုးဆောင် လုပ်ငန်း တွေတောင် ရှိလာခဲ့ပါတယ်။

ကျွန်မ မန္တလေးကို ရောက်တဲ့အချိန်မှာတော့ ကံကောင်းတယ် လို. ဆိုရမလားပဲ မိုးရာသီ ဖြစ်လို. တောင်ပေါ် ဒေသတွေက မိုးရွာသွန်းမူ.များတာ ကြောင့် အရင်ထက် ဆာရင် လျှပ်စစ်မီး ကလည်း မှန်မှန်ကန်ကန် ရှိလာပါတယ်။ ဇူလိုင်လ ဖြစ်တဲ့အတွက် ကြောင့် မိုးလေး တစ်ဖြိုက်နှစ်ဖြိုက် ရွာသွန်းပေးတဲ့ အတွက်လည်း မိုးနတ်မင်းကိုပဲ ကျေးဇူးတင် ရမလိုလို ရှိနေတုံး ၀ါဆိုလပြည့် ကျော် တစ်ရက်ေ န.ကျတော့ ပူလိုက်တဲ့ဖြစ်ခြင်း။ နောက်တစ်နေ.မှာတော့ ကိုရွှေမိုးက တဖွဲဖွဲ ရွာသွန်း ပေးတာ ဟန်ကိုကျလို.။

မန္တလေး မြို.သူ မြို.သားတွေဟာ ပူအိုက်လွန်းလို. မိုးကိုမျှော်လင့် တောင့်တ ကြပေမဲ့၊ မနက်ပိုင်း အလုပ်မဆင်းခင် အချိန်လေးမှာ မိုးရွာလိုက်ရင် လက်သမားဆရာလည်း အလုပ်ကို မလာတော့ဘူး။ ပန်းရံဆရာလည်း မလာ တော့ဘူး။ ဈေးသွား ဈေးလာတွေလည်း အလာနည်း သွားတတ် ပါတယ်။ လမ်းပေါ်မှာလည်း လူသွား လူလာတွေ နည်းသွား တတ်တယ်။ နေ.လည်ပိုင်း မိုးရွာခဲ့ရင် လည်း အပြင်မထွက် ကြပြန်ပါဘူး။

သွားရင်းလာရင်း လမ်းပေါ်မှာ ရောက်နေခဲ့ရင်တောင် မိုးရွာခါနီး ကောင်းကင်မှာ ညို.မိုင်းပြီး မိုးရိပ် မြင်တာနဲ့ စက်ဘီး ၊ဆိုင်ကယ်၊ ကားတွေ အမြန်မောင်း ကြပြီး အိမ်အရောက် သုပ်ခြေသင် ကြတယ်လေ။ အဲဒီထဲမှာ ကျွန်မလည်း အပါအ၀င်ပေါ့။ မိုးထဲလေထဲ ဆောင်း စရာ ထီးလည်း ယူမှ မသွားတတ် ကြပဲလေ။

ခုတော့ မန္တလေးမြို.သူ၊ မြို.သားတွေဟာ အရင်ကလောက် မိုးမကြောက် ကြတော့ ပါဘူးလေ။ နေပူမရှောင်၊ မိုးရွာ မရှောင်နဲ့ သွားလာ လူပ်ရှားနေကြပါပြီ။ လမ်းပေါ်မှာ တရွှေ.ရွေ. ပြေးလွှားနေတဲ့ မော်တော်ဆိုင်ကယ်နဲ့ ကားတွေကလည်း ကျောင်းချိန်၊ ရုံးချိန်၊ အလုပ် ချိန်တွေ မှီအောင် ဟွန်းသံတွေ တတီတီ နဲ့ မိုးသံကို အနိုင် ယူနေလျက်ပေါ့။ ဓတ်ဆီဆိုင်ရှေ.မှာလည်း မိုးရွာတာကို မမူ.ပဲ ကိုယ့် အလှည့်ရောက်ရင် ၀ယ်ယူဖို. တန်းဆီ နေကြတဲ့ ဆိုင်ကယ်နဲ့ မော်တော်ကားတန်း ကြီးက လည်း မိုးရေကို ဂရုမစိုက်၊သို.ပေမဲ့ ဗွက်တော့ ကြောက်နေတုံးပါပဲ။ စက်ဘီးစီသူတွေကလည်း ဗွက်ဆို ရှောင်စီးကြတယ်။ ဆိုင်ကယ်စီးတဲ့ မိန်းကလေးတွေက လည်း မန္တလေး သူလို. မပြောရဘူး ဗွက် ကိုကြောက်လို. ရှောင်ကြတဲ့ ပုံလေးက ဆိုင်ကယ် ဆပ်ကပွဲ ကြည့်ရသလို၊ ခြေထောက်နှစ်ချောင်း အပေါ် ကို စုတင်၊ ဒူးကွေးလိုက်ပြီး လက်က လီဗာလေး လျော့ပြီး လက်ကိုင်ကို ထိန်းပြီး စီးသွားကြလေရဲ.။

မန္တလေးက အရင်နဲ့မတူတော့ဘူး မြို.ကြီးကလည်း ကျယ်ပြန့်လာ၊ အဆောက်အအုံတွေကလည်း ပေါများ လူဦးရေကလည်းထူထပ်၊ မြို.ထဲမှာ သစ်ပင်၊ ပန်းပင်တွေကလည်း နည်းပါးလာပြီး လမ်းပေါ်မှာလည်း ဆိုင်ကယ်တွေကလည်း ပေါမှပေါ၊ စက်ဘီးတွေလည်း စီးသူတွေရှိသေးရဲ့။ မော်တော်ကားတွေကလည်း မန္တလေးမှာ ဟိုတုံးက ဆန်နီခေတ် အခုတော့ စက်မူ.စုံဂျစ်ပေါ့ ၊ ခုလတ်တလောတော့ လိုက်ထရပ်တွေ ဖြစ်သွားပြန်ပြီတဲ့လေ။

ကျွန်မလည်း မန္တလေး တစ်ခေါက် အလည်ရောက်တုံး သွားချင်တဲ့ နေရာလေးတွေ သွားဖို. ဆိုင်ကယ်နဲ့ တစ်ခါ တည်း သွားစရာ လေးတွေ သွားမယ်ပေါ့လေ။ ဒါနဲ့ ဆိုင်ကယ်လေးကို အစာကျွေးဖို.ရာ ဓတ်ဆီဆိုင်ကို အရင် ဦးတည် လိုက်ရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ (၁၀) ရက်နေ.က စပြီး စက်သုံးဆီ ရောင်းချခွင်.ကို ပုဂ္ဂလိက လုပ်ငန်း ရှင်တွေကို လွဲအပ်လိုက် တဲ့အတွက် လွတ်လပ်စွာ ရောင်းချခွင့် ရှိပြီး၊ လွတ်လပ်စွာ ၀ယ်ယူခွင့် ရှိကြပါပြီ။ ပုဂ္ဂလိက ရောင်းချခွင့် ရလိုက်တော့ သွားရင်းလာရင်း အဆင်ပြေမယ့် ဆိုင်မှာ လိုအပ်ရင် ဆီဝယ်ထည့် လိုက်ရုံပါပဲ။ ဓတ်ဆီတိုင်တွေ ဓတ်ဆီရောင်းချတဲ့ ဈေးကတော့ တစ်ဂါလံ ၂၅၀၀ကျပ်နဲ့ပါ။ ကျွန်မ ကတော့ ရောက်ရောက်ခြင်း ဆိုတော့ အိမ်နားက နီးတဲ့ အိမ်ဆိုင်လေးတစ်ခုမှာပဲ (အပြင်က ရောင်းတဲ့ ဆိုင်လေး တွေ) မှာပဲ တစ်ကွာတား (၈၀၀) ကျပ်နဲ့ ၀ယ်ထည့်သွား လိုက်ပါတယ်။

ဆိုင်ကယ်က ဓတ်ဆီ တကွာတား လောက်ထည့်ရင် မြို.ပတ်လို. ရတယ်လေ။ ဒါနဲ့ ပထမဦးဆုံး ခရီးစဉ် အနေနဲ့ မဟာမြတ်မုနိ ဘုရားကြီးကို ကျွန်မ ဦးခိုက်ပန်ဖို. ဘုရားကြီးဖက်ကို ဦးတည်ခဲ့ပါတယ်။ ဘုရားကြီးရောက်တော့ ဆိုင်ကယ်အပ်ခ (၃၀၀ကျပ်) တဲ့။ ဘုရားကြီးကို ဖူးမျှော်ကန်တော့ပြီးလို. ၀င်စရာရှိတာလေးတွေ ၀င်မယ်ဆိုပြီး ကျွန်မက စာအုပ်ဝယ်ဖို.ရာ နဂါးစာပေ (၈၃)လမ်း ၂၉လမ်းနဲ့ လမ်း၃၀ ကိုဦးတည်လိုက်ပါတယ်။ နဂါးစာပေထဲ ၀င်ပြီး ကျွန်မ လိုချင်တဲ့ စာအုပ်လေး မေးပြီး (၅) မိနစ်လောက်ပဲ ကြာလိုက်ပါတယ်။ ပြန်ထွက်လာတဲ့ အခါမှာတော့ ကောင်လေးတစ်ယောက် ပြေးလာပြီး။ အမ လမ်းဘေး ယဉ်ရပ်နားခ ပေးရမတဲ့လေ။ ဒါနဲ့ ဘယ်လောက်လဲ ဆိုတော့ ဆိုင်ကယ်ဆို၂၀၀ ကျပ်၊ ကားဆို ၃၀၀ ကျပ် တဲ့လေ။ ဒါနဲ့ ကျွန်မနားမလည် နိုင်တာနဲ့ ဟဲ့ အမက ခုလေး ၀င်ပြီး ခုပဲပြန်ထွက် လာတာလေ၊ ဘာမှ လဲကြာတာ မဟုတ်သေးဘူး ဆိုတော့ မန္တလေးမြို. စည်ပင်သာယာရေး ကော်မတီက တရားဝင် ကောက်ခံ တာပါတဲ့လေ။ ဒါနဲ့ ပြသနာ မရှိဘူး ဆိုပြီး ပေးလိုက် ရတော့တယ်။ သူကတော့ လက်မှတ်လေး တစ်ခု ဆိုင်ကယ်ပေါ်မှာ ကပ်ပေးလိုက်တယ်။

ဒါနဲ့ ကျွန်မလည်း မေမေ အတွက် ဆေးဝယ်ဖို. လမ်းသုံးဆယ်၊ ဆေးရုံကြီးနားက ဆေးဆိုင် တစ်ဆိုင်မှာ ဆေးဝယ်ဖို. ၀င်ပြီး ပြန်ထွက် လာတာနဲ့ ကောင်လေး တစ်ယောက် ကျွန်မဆိုင်ကယ်နား အပြေးလေး ရောက်လာ ပြီး အမ ဆိုင်ကယ် လမ်းဘေးရပ်နားခ တဲ့ ။ ဟဲ့ အမက ၈၃ လမ်းမှာ ခုလေးတင် ဆောင်ခဲ့ပြီးသား တစ်နေ.ထဲ တစ်ချိန်တည်း သွားနေတာလေ လို.ပြောမိတော့၊ နေရာမတူဘူး အမတဲ့လေ။ ဘယ်လောက်လဲဆိုတော့ ၂၀၀ တဲ့လေ။ ဒါနဲ့ ပေးခဲ့ရပြန်တယ်။


၃၅ A လမ်းမှာ ကျွန်မ စတိုးဆိုင်လေး ၀င်ပြီး ပြန်ထွက်လာတော့လည်း ထိုနည်းတူစွာပါပဲ။ လမ်းဘေးမှာ နေရာ မတူပဲ ဆိုင်ကယ်သုံးခါ ရပ်ရင် သုံးခါစလုံး ပေးရတာတော့ မဟုတ်သေးဘူး၊ စိတ်ထဲမှာလည်း ဇဝေဇ၀ါနဲ့ပေါ့ လူကလည်း ခုမှ ရောက်တော့ ဘယ်ပုံ ဘယ်နည်းတွေ ပြောင်းလဲနေတယ် ဆိုတာ ကိုယ်က ချက်ချင်း မသိ ဘူးလေ။ အပြင်ထွက်ရင် လမ်းကြောင်း တစ်ခုတည်း စွဲပြီး ထွက်တာတောင် ဆိုင်ကယ် ဓတ်ဆီဈေးက တစ်ကွာ တားမှ (၈၀၀) ကျပ်ရယ်။ ဆီတကွားတား အပြည့်တောင် မကုန်တဲ့ လမ်းကြောင်းကို ဆိုင်ကယ် အပ်ခ က (၉၀၀)ကျပ် ကုန်သွားပြီ၊ ဆင်ဘိုးထက် ချွန်းဖိုး ကြီးနေပါပေါ့လား ရွှေမန္တလေး ရယ်လို. စိတ်ထဲက ရေရွတ် မိလိုက်ပါတော့တယ်။

ကျွန်မ စိတ်ထဲမှာ သိပ်ဘ၀င် မကျသလို ခံစားရပါတယ်။ မဟာမြတ်မုနိ ဘုရားတို.၊ အောင်တော်မူ ဘုရားတို.၊ ဈေးချို၊ ဈေးတွေမှာ၊ ရုပ်ရှင်ရုံမှာ၊ ဘုရားတွေ၊ စတဲ့ အများနဲ့ သက်ဆိုင်တဲ့နေရာတွေမှာ ဆိုင်ကယ်အပ်နှံခ ကောက်ခံတာကတော့ ဟိုးအရင် ကတည်းကပါ။ ခုလို လမ်းဘေးမှာ ယဉ်ရပ်နား ကောက်ခံတဲ့ နူန်း ဆိုတာ ကိုယ်မှ မသိခဲ့ပဲလေ။ ဒါနဲ့ ကျွန်မ စုံစမ်း လိုက်တော့မှ မန္တလေး မြို.တော် စည်ပင်သာယာရေး ကော်မတီ အခွန်ဌာနကနေ တရားဝင် သတ်မှတ်ထားတဲ့ လမ်းဘေး ယဉ်ရပ်နားခွင့် ဆိုင်ရာ လေလံပွဲမှာ ဆိုင်ကယ် ၅၀ ကျပ်နဲ့ ကား ၁၀၀ ကျပ်သာ ကောက်ခံရမယ်လို. လေလံသမားများကို ကြေငြာခဲ့ပေမဲ့ လေလံ သမားများက ယခုအခါတော့ သတ်မှတ်နူန်း အတိုင်း မကောက်ခံပဲ ပြင်ဆင် ကောက်ခံ နေကြသတဲ့။ လမ်းဘေး ယဉ်ရပ်နားခ ကောက်ခံခွင့်နေရာက ရှစ်နေရာ ရှိပါသတဲ့လေ။ ကျွန်မ သွားတဲ့ နေရာက သုံးနေရာ အပါအ၀င်ပေါ့။

ဘယ်တတ်နိုင်မလဲလေ၊ ဒီလိုမှ မသွားလဲ အိမ်ထဲမှာပဲ ငုတ်တုတ်ထိုင် နေရုံပဲဆိုတော့၊ ထိုင်နေလို.တော့ ဘာမှ ဖြစ်မလာဘူး ဆိုတဲ့ သီချင်းလေးကိုပဲ စဉ်းစား ဆင်ခြင် မိပါတော့တယ် ရွှေမန္တလေးရယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် မန္တလေးကို ချစ်တဲ့ ဒေသစွဲ ရောဂါကြောင့် ပြောင်းလဲနေတဲ့ မန္တလေးကိုလည်း ချစ်နေလျှက်ပါပဲ။

ရေးသားသူ- မေစိုး (Shwe Mandalay)


ဆက်ဖတ်ရန်>>>

ဝါဆို သင်္ကန်း ဆက်ကပ် လှူဒါန်းခြင်း ကျေးဇူးတင်လွှာ(၈-၈- ၂၀၁၀)


ပထမ အကြိမ် ၀ါဆို သင်္ကန်း ဆက်ကပ် လှူဒါန်းခြင်း အလှူတော် မင်္ဂလာ
၁၃၇၂ခုနှစ်၊ ဒုတိယ ၀ါဆို လဆုတ် (၁၃)ရက်

(၈-၈-၂၀၁၀) (တနင်္ဂနွေနေ့)

စင်ကာပူနိုင်ငံ မြန်မာဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း (TOA PAYOH)


ပိတောက် ရွှေဝါ၏ ပထမအကြိမ် စုပေါင်း ၀ါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းခြင်း အလှူတော် ဖြစ်မြောက် အောင်မြင်ရေး အတွက် ဦးဆောင် လမ်းညွှန် ပေးသော တိုပါးရိုး TOA PAYOH ကျောင်းထိုင် ဆရာတော် ဘုရားကြီး ဦးတိလောက နှင့် သံဃာတော် အရှင်သူမြတ်များ၊ ဝေယျာ ဝစ္စဒါနရှင်များ၊ စီမံ ချက်ပြုတ် လုပ်အား ဒါနရှင်များ၊ ၀ယ်ယူရေးနှင့် ချက်ပြုတ်ရေးတွင် ဦးဆောင် စီစဉ်ခဲ့ကြသော ကုသိုလ်ရှင် သူငယ်ချင်းများ နှင့် ဦးသန့်စင် ၊ ကိုမိုးဦး၊ လိုအပ်သည်များကို ၀ိုင်းဝန်း ကူညီပံ့ပိုး ပေးခဲ့ကြသော တိုပါးရိုး မြန်မာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းမှ တာဝန်ရှိသူများ၊ ငွေကြေး-စေတနာ-လုပ်အား-ဒါန တို့ဖြင့် အင်တိုက်အားတိုက် စိတ်တူ၊ကိုယ်တူ ပါဝင်ကူညီခဲ့ကြသော အလှူရှင်သူငယ်ချင်းများ၊ ကိုယ်တိုင် မလာရောက် နိုင်သော်လည်း အလှူငွေများ ထည့်ဝင်သော အလှူရှင် မိတ်ဆွေ သူငယ်ချင်းများ၊ အချိုပွဲအတွက် လှူဒါန်းခဲ့ကြသော မခင်ညွန့်ညွှန့်ဝင်း ၊ ကိုသန်းတိုးနှင့် ညီအစ်ကိုများ၊ မဝေေ၀ နှင့် သူငယ်ချင်းများအား၊ ဓါတ်ပုံမှတ်တမ်း တင်ပေးသော သူငယ်ချင်းများ နှင့် ကျေးဇူး တင်ထိုက်သူ အားလုံးတို့အား အထူးကျေးဇူး တင်ရှိပါကြောင်း။
အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ၍ ဘေးအန္တရာယ်ကင်းရှင်းပြီး၊ သူတော်ကောင်း တရားများ ကိုပိုမိုကြိုးစား အားထုတ် နိုင်ကြပါစေဟု ဆုမွန်ကောင်း တောင်းအပ်ပါတယ်ရှင်။ နောက်ထပ်လည်း ဒါန-သီလ-ဘာဝနာကုသိုလ် ကောင်းမူ. တွေကို အတူတူပြုလုပ်ကြရ အောင်နော်…

ပိတောက်ရွှေဝါ သူငယ်ချင်းများ

ဆက်ဖတ်ရန်>>>