တစ်ခါတုန်းက လူသုံးယောက် လမ်းလျှောက် လာရင်း တောင်ကုန်းထိပ်မှာ မိတ်ဆွေ တစ်ယောက် ရပ်နေတာ ကို လှမ်းမြင် ရပါတယ်။ ဒီတော့ သုံးယောက်ထဲက တစ်ယောက်က“သူ ရှုခင်းတွေ ကြည့်နေတာ ထင်တယ်”လို့ ပြောလိုက်ပါတယ်။
ဒုတိယ တစ်ယောက်က“မဟုတ်ပါဘူး၊ တို့ကို စောင့်နေတာထင်တယ်”လို့ ပြောလိုက်ပါတယ်။ တတိယ တစ်ယောက် က “မဟုတ်ဘူး၊ လေကောင်း လေသန့် ရှုနေတာ ထင်တယ်”လို့ ပြောလိုက် ပါတယ်။
အဖြေ မညီကြဘဲ တောင်ကုန်းပေါ် သုံးယောက် တက်ခဲ့ကြပါတယ်။ တောင်ကုန်းပေါ်ရောက်တော့ ပထမ တစ်ယောက်က စပြီး မေးပါတယ်။
“ ရှုခင်းတွေ ကြည့်နေတာလား?”
“ မဟုတ်ပါဘူး”
ဒုတိယ တစ်ယောက် ထပ်မေးပြန်ပါတယ်
“တို့ကို စောင့်နေတာလား?”
“မဟုတ်ပါဘူး”
တတိယတစ်ယောက်က ထပ်မေးပြန်ပါတယ်
“ လေကောင်းလေသန့်ရှုနေတာလား?”
“မဟုတ်ပါဘူး”
ဒီတော့သုံးယောက်သားပြိုင်တူမေးလိုက်ပါတယ်။
“ဒါဖြင့် ဘာလုပ်နေတာလဲ?”
“ရပ်နေတာပါ”
(ဇင်ပုံဝတ္ထု)
သူပြောတဲ့ စကားလေးက ရိုးရိုးလေးပါပဲ၊ “ရပ်နေတာပါ”တဲ့။ ဖြတ်သွား ဖြတ်လာသူ လူအမျိုးမျိုး တွေ့ကြရင် လည်း ပုံဝတ္ထုထဲက သုံးယောက် နည်းတူ ထင်မြင်ချက်မျိုးစုံ ပေးနေကြဦးမှာပါ။ ရပ်နေတာကို သိသူက နည်းနည်း ရယ်ပါ။ ရပ်နေတာကို သိလိုက်သူဟာ နိဗ္ဗာန်ကို ဦးတည်နေသလို လက်ရှိမှာလည်း အကုသိုလ် ကင်း နေတာပါ။
မြတ်စွာဘုရားက ဘဒ္ဒေကရတ္တသုတ်မှာ “အတိတ်ဟောင်းကိုလည်း မပြန်နဲ့၊ အနာဂတ် သစ်ကိုလည်း မကြံနဲ့၊ ဖြစ်ခိုက် ရုပ်နာမ် ပစ္စုပ္ပန်၊ အမှန်မလွတ်အောင် ရှုမှတ်ပါ”လို့ ဟောတော်မူထားပါတယ်။
tတိတ်ဆိုတာ ပြီးခဲ့ပြီးပါပြီ၊ ဘာမှလုပ်လို့ မရတော့ပါဘူး။ အနာဂတ် ဆိုတာလည်း ရောက်မလာ သေးတဲ့ အတွက် အသုံးချလို့ မရပြန်ပါဘူး။ တကယ် အလုပ်လုပ်ရမှာက ပစ္စုပ္ပန် တည့်တည့်ပါ။
စာရေးသူရဲ့ အသိ မိသားစုထဲက ချွေးမလေး တစ်ယောက်ဟာ စိတ်နေ စိတ်ထားလည်းကောင်း၊ ယောက္ခမ တွေ အပေါ်မှာ လည်းကောင်း၊ လုပ်ရည် ကိုင်ရည် လည်းရှိ၊ ဒါပေမယ့် အလုပ်တွေမှားပြီး အထဲကို ဝင်သွားရပါတယ်။ သမီး တစ်ယောက်လို ချစ်ရတဲ့ချွေးမ အထဲကို ဝင်သွားရတော့ အားလုံးက စိတ်မကောင်းကြပါဘူး။
အထူး သဖြင့်ထမင်းစားဝိုင်းမှာ တစ်ယောက် လိုနေတော့ ပိုသတိရ ကြပါတယ်။ တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ြုပီး ထမင်း ကိုလည်း ဆက်မစား နိုင်ကြတော့ပါဘူး။ တစ်ရက်လည်း မဟုတ် နှစ်ရက်လည်း မဟုတ် ရက်ဆက်တွေ များလာတော့ တူ တစ်ယောက် လုပ်တဲ့သူက “ဘုရားဟောအတိုင်း ပစ္စုပ္ပန်တည့်တည့် ရှုစားကြ တာပေါ့”လို့ ထပြောပါသတဲ့။ နောက်ရက်တွေ မှာလည်း ထမင်းဝိုင်း ထိုင်လိုက်တာနဲ့ “ပစ္စုပ္ပန်တည့်တည့်”လို့ သတိပေး စားကြပါသတဲ့။
တကယ်လည်း ဟုတ်ပါတယ်။ အတိတ်၊ အနာဂတ်က ဘာမှ လက်တွေ့ လုပ်လို့မရပါဘူး။ လောလောဆယ် ပစ္စုပ္ပန် တည့်တည့်မှာ ထမင်းစား နေတာဆိုတော့ ထမင်းစား နေတဲ့အချိန်ဟာ အရေးအကြီးဆုံးပါပဲ။
မနက် အိပ်ရာထ နိုးရင် နိုးတဲ့ အချိန်ဟာ အရေးအကြီးဆုံးပါ။ မျက်နှာသစ်ရင် မျက်နှာသစ် ချိန်ဟာ အရေးကြီး ဆုံးပါ၊ သွားတိုက်ရင် သွားတိုက်ချိန်ဟာ အရေးအကြီးဆုံးပါ။ ရေအိမ်ဝင်ရင် ရေအိမ် ဝင်ချိန်ဟာ အရေးအကြီးဆုံး ပါပဲ။ သတိကို ပစ္စုပ္ပန် တည့်တည့်မှာပဲ ထားတဲ့အတွက် အကုသိုလ် ကိလေသာ စိတ်တွေ ကင်းနေသလို ဘာသောက မှလည်း ဝင်မလာတော့ပါဘူး။ ဝိပဿနာ မှာတော့
သမ္ပဇညအမှတ်=အထွေထွေ အမှတ် လို့ခေါ်ပါတယ်။ တရား အားထုတ် ဖူးသူတိုင်း သိပါတယ်။ ဒီလိုပါပဲ ရနိုင်သလောက် လေ့ကျင့် ယူရမှာပါပဲ။
ဒါကြောင့် ပစ္စုပ္ပန် တည့်တည့်ကို လက်ကိုင် ယူထားရပါမယ်။ ဒါပေမယ့် အတိတ် အတွေးတွေ ကတော့ ဝင်နေမှာပါပဲ။ အတိတ် အတွေးတွေ ထဲမှာ ပုထုဇဉ် အားလျှော်စွာ မှားခဲ့တဲ့ အမှားတွေလည်း ပါမှာပါ။
ကျေးဇူးတော်ရှင် မဟာစည် ဆရာတော် ဘုရားကြီးရဲ့ ဝိပဿနာရှုနည်း ပထမတွဲ စာမျက်နှာ ၃၂ မှာ---
“လူတို့၏ ရှေ့အဖို့က သီလပျက်မှုသည် ပဉ္စာနန္တရိယကံ၊ ဘိက္ခုနီဒူသနကံ၊ အရိယူပဝါဒကံများ မဟုတ်လျှင် မဂ်ဖိုလ်ကို တားမြစ်တတ်သော အန္တရာယ် မဖြစ်သည် သာတည်း။ ပဉ္စာနန္တရိယကံ၊ ဘိက္ခနီဒူသနကံ၊ အရိယူပဝါဒကံ ဖြစ်လျှင်ကား လူဖြစ်စေ၊ ရဟန်းဖြစ်စေ၊ ဤဘဝ၌ မဂ်ဖိုလ်ကို မရနိုင်တော့ပြီ”လို့ မိန့်မှာထားပါတယ်။
မြန်မာလို ရှင်းရှင်းပြောရရင်တော့ လူတစ်ယောက် အနေနဲ့ ရှေ့ပိုင်းမှာ သီလ မစင်ကြယ်ခဲ့ ပေမယ့် ပဉ္စာနန္တရိယ ကံငါးပါးရယ်၊ ဘိက္ခုနီဒူသနကံရယ် (ဘိက္ခုနီဒူသနကံဆိုတာ ဘိက္ခုနီမကို ဖျက်ဆီးတာပါ။ ဒီခေတ် မှာတော့ ဘိက္ခုနီဆိုတာ မရှိတော့ပါဘူး၊ အဆက်ပြတ်သွားပါပြီ) အရိယူပ ဝါဒကံရယ် (အရိယူပဝါဒကံဆိုတာ အရိယာကို ပြစ်မှားတဲ့ကံပါ) ဒီကံ(၇)မျိုးကို မကျူးလွန် ရသေးဘူးဆိုရင် မဂ်ဖိုလ် အန္တရာယ်ကို မတားမြစ် ပါဘူးတဲ့။
ဒါကို ကျေးဇူးတော်ရှင် မဟာစည် ဆရာတော် ဘုရားကြီးက ပိုပြီး ခိုင်မာသွားအောင် ဝတ္ထုငါးပုဒ်နဲ့ ယောဂီတွေ ကို အားပေး ထားပါတယ်။ အားလုံး ကြားဖူးတဲ့ ဝတ္ထုတွေပါ။ အာရုံနှိုးတဲ့ အနေနဲ့ ခပ်ကျဉ်းကျဉ်း ပြန်ပြောပြရ အောင်ပါ။
၁။ သန္တတိ အမတ်ကြီး စစ်ပွဲနိုင်လို့ ပသေနဒီ ကောသလမင်းကြီးက ခုနှစ်ရက် မင်းစည်းစိမ် ပေးထားပါတယ်။ ခုနှစ်ရက် ပတ်လုံး မူးပေတေ နေပါတယ်။ သူသိပ်ချစ်ရတဲ့ မိန်းကလေး ဖျော်ဖြေရင်း ရုတ်တရက် သေသွားတဲ့ အတွက် မြတ်စွာဘုရား ဆီက ဂါထာတစ်ပုဒ် နာကြားပြီး ရဟန္တာ ဖြစ်သွားပါတယ်။ သန္တတိ အမတ်ကြီးလည်း ရှေ့အဖို့မှာသီလမစင်ကြယ်ခဲ့ပါဘူး။
ဒီနေရာမှာ တစ်ခု သတိထားရမှာက ဂါထာတစ်ပုဒ်နာကြားပြီး ရဟန္တာဖြစ်တယ်ဆိုပေမယ့် ရုပ်နာမ်တွေကို မရှုမှတ်ဘဲ သတိပဋ္ဌာန်လေးပါးကို မရှုမှတ်ဘဲ မဂ်ဖိုလ်ရသွားတာတော့မဟုတ်ပါဘူး။ တရားနာစဉ်မှာပဲ ရုပ် နာမ်တွေကို ရှုမှတ်ပြီး ဝိပဿနာဉာဏ်၊ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် အဆင့်ဆင့် ဖြစ်သွားတယ်ဆိုတာကို ဆရာတော် ဘုရားကြီးက သေချာမှာထားပါတယ်။ ဆိုလိုတာက ရှုမှတ်မှု မပါဘဲနဲ့ တရားထူးရသွားကြတာ မဟုတ်ပါဘူး။ ရှုမှတ်ပြီးမှ တရားထူးရသွားကြတာပါ။
၂။ အရိယ ဆိုတဲ့ ဒကာ တစ်ယောက်ဟာ ငါးမျှားနေပါတယ်။ မြတ်စွာဘုရား ကြွလာတြာ မင်တော့ ငါးမျှားတံလေး ချထား လိုက်ပါတယ်။ မြတ်စွာဘုရားက “သင့်နာမည် ဘယ်လို ခေါ်သလဲ”လို့ မေးတော့ “အရိယ”လို့ ခေါ်ပါတယ်”လို့ ပြန်လျှောက်ပါတယ်။ ဒီတော့ မြတ်စွာဘုရားက “သင့်လိုသူ တစ်ပါးညှင်းဆဲတဲ့ သူကို အရိယလို့ မခေါ်ဘူး၊ အရိယာ ဆိုတာ သူတစ်ပါးကို မညှင်းဆဲဘူး”လို့ ဟောပြီး ဂါထာလေး တစ်ပုဒ် ဟောပြပါတယ်။ ဂါထာကို နာကြားပြီး သောတာပန် တည်သွားပါတယ်။ အရိယလည်း ရှေ့အဖို့မှာ သီလ မစင်ကြယ်ခဲ့ပါဘူး။
၃။ တစ်နေ့မှာ မြတ်စွာဘုရားက ဇေတဝန် ကျောင်းတော်မှာ တရားဟောနေပါတယ်။ ပရိသတ်ထဲမှာ ခါးပိုက်နှိုက် နှစ်ယောက်လည်း ပါပါတယ်။ တစ်ယောက်က တရားကို ရိုရိုသေသေနာပြီး သောတာပန် တည်သွား ပါတယ်။ တစ်ယောက် ကတော့ တရားနာ ပရိသတ်ဆီက ခါးပိုက်နှိုက် လိုက်ပါတယ်။ သောတာပန် တည်သူခါးပိုက် နှိုက်လည်း ရှေ့အဖို့မှာ သီလမစင်ကြယ်ခဲ့ပါဘူး။
၎။ သရဏာနိ ဥပသကာလည်း မူးပေတေေ နပါတယ်။ သူလည်း မြတ်စွာဘုရား တရားနာကြားပြီး သောတာပန် တည်သွားပါတယ်။
၅။ အားလုံးသိတဲ့ လူသတ် ဗိုလ်ကြီး တမ္ဘဒါဋ္ဌိက ၅၅-နှစ်ပတ်လုံး ဘုရင့်အတွက် သတ်မိန့်ကျတဲ့ သူတွေကို သတ်ပေးခဲ့ရပါတယ်။
သူလည်း အရှင် သာရိပုတ္တရာ ဆီက တရားနာကြားပြီး အနုလောမိကခန္တီခေါ် သင်္ခါရုပေက္ခာ ဉာဏ်အထိ ရောက်သွားပါတယ်။ နောက် ဘီလူးမက နွားမ ယောင်ဆောင်ခတ်လို့ သေပြီး တုသိတာ နတ်ပြည်မှာ ဖြစ်ရပါတယ်။
ဆရာတော် ဘုရားကြီးက ဒီဝတ္ထု ငါးပုဒ်ကို သာဓကပြပြီး လူတွေအနေနဲ့ စောစောကကံ(၇)မျိုးကို မကျူးလွန် ရသေးဘူးဆိုရင် မဂ်ဖိုလ်ရဲ့ အန္တရာယ်ကို မပြုပါဘူးတဲ့။
တရား အားထုတ်ရင် သီလဖြူစင်ဖို့ အဓိက လိုအပ်ပါတယ်။ မဟာစည် ဆရာတော် ဘုရားကြီးက လူတွေ အနေနဲ့ ငါးပါးသီလပဲ ဖြစ်ဖြစ်၊ အာဇီဝဋ္ဌမက သီလပဲဖြစ်ဖြစ် ဆောက်တည်လိုက်ရင် သီလဝိသုဒ္ဓိ=သီလဖြူစင်သူ ဖြစ်သွားပါတယ်တဲ့။ အာဇီဝဋ္ဌမက သီလထဲမှာ ဝိကာလဘောဇန=ညစာရှောင် ရတာမ ပါပါဘူး။ ကျန်းမာရေး အရ ညစာ မစားဘဲ မနေနိုင်သူတွေ အတွက် အထူး အားတက် အာရုံပြုစရာပါ။ ဆိုလိုတာက ညစာစားပြီးလည်း သီလဝိသုဒ္ဓိ= သီလ ဖြူစင်အောင် လုပ်လို့ရပါတယ်။ တရား အားထုတ်လို့လည်း ရပါတယ်။
နောက် ဆရာတော် ဘုရားကြီး ပြထားတာ ရှိပါသေးတယ်။ အထက်က ဝတ္ထုငါးပုဒ်နဲ့ စပ်ပြီး “ ဒီလိုမကောင်း မှုမျိုးတွေ နောင် ဘယ်တော့မှ မပြုတော့ပါဘူး”လို့ ဆုံးဖြတ်လိုက်ရင်လည်း သီလဖြူစင်သူဖြစ်သွားပါတယ်တဲ့။
“ကဲ…. လူတစ်ယောက် သီလဖြူစင်ဖို့ အတွက် ဘယ်လောက် လွယ်သလဲ”
နောက်ဆုံး “ဒီလို မကောင်းမှု မျိုးတွေ နောင် ဘယ်တော့မှ မလုပ်တော့ပါဘူး”လို့ဆုံးဖြတ်လိုက် တာနဲ့ သီလဖြူစင် သူဖြစ်သွားပါပြီ။
ရဟန်းတော် တွေကျတော့ အဲဒီလို မရပါဘူး။ အပြစ် အာပတ်သင့်ရင် ဒေသနာ ကြားစရာ ရှိရင်ကြား၊ ပစ္စည်း စွန့်စရာ ရှိရင်စွန့်၊ ဝတ်ဆောက်တည် စရာရှိရင် ဆောက်တည် စသည်ဖြင့် အဆင့်ဆင့် ပြုလုပ်မှ သီလစင်ကြယ် တာပါ။
ဒါတင် မကပါဘူး။ သာမန်အပြစ် အာပတ်ကလေး ကအစ ရဟန်းတွေအနေနဲ့ ဈာန်မဂ်ဖိုလ်ရဲ့ အန္တရာယ်ကို တားမြစ်ပါတယ်။ ရဟန်းသီလနဲ့ လူသီလ သိပ်ကွာပါတယ်။ “လူသီလ”က ပြောခဲ့တဲ့ (၇)မျိုးကို မကျူးလွန်ရ သေးဘူးဆိုရင် မဂ်ဖိုလ်ရဲ့ အန္တရာယ်ကို မတားမြစ် ပါဘူး။
နောက်ဆုံး လူတွေအနေနဲ့ သီလ ယူချိန် မရရင်တောင် “ဒီလို အကုသိုလ် မျိုးတွေ နောင် ဘယ်တော့မှ မပြု တော့ပါဘူး” လို့ဆင်ခြင် လိုက်တာနဲ့ သီလဖြူစင် သူဖြစ်သွားပြီဆိုတော့ လူတွေ အနေနဲ့ သီလ ဝိသုဒ္ဓိဖြစ်ဖို့ သိပ်လွယ် ပါတယ်။
တကယ်လို့များ “ဖွ… လွဲပါစေ၊ ဖယ်ပါစေ” ခုတင်ပေါ်မှာ သေရတော့ မယ်ဆိုရင် “ဒီလို အကုသိုလ် မျိုးတွေ နောင်ဘယ်တော့မှမ ပြုတော့ပါဘူး” လို့ဆင်ခြင် လိုက်တာနဲ့ သီလဖြူစင်သူ ဖြစ်သွားပါပြီ။ အဲဒီသီလဖြူစင်မှုကို အခြေခံပြီး ကိုယ်ပွါးများအား ထုတ်နေကျ ကမ္မဋ္ဌာန်း လေးကို ပွားရင်း သေသွားရင် ကောင်းရာ သုဂတိကို ရောက်သွားနိုင်ပါတယ်။ ဒါကလည်း အားထုတ်တဲ့ အလေ့အကျင့်က နဂိုကတည်းက ရှိထားမှပါ။
ရဟန်းကျတော့ “ဒီလို အကုသိုလ်မျိုးတွေ နောင်ဘယ်တော့မှ မလုပ်တော့ပါဘူး”လို့ ဆင်ခြင်ရုံနဲ့ သီလ ဖြူစင်သူ မဖြစ်ပါဘူး။
ရဟန်း တစ်ပါးပါးနဲ့ ဒေသနာကြားပါမှ ပျောက်မှာပါ။ ဆိုလိုတာက အာပတ်သင့်ရင် တစ်ပါးတည်း သီလ ဖြူစင်သူ ဖြစ်အောင် လုပ်လို့ မရပါဘူး။ အနည်းဆုံး ရဟန်း တစ်ပါးပါးကို အကူအညီယူပြီး ဒေသနာကြားပါမှ သီလ ဖြူစင်သူဖြစ်မှာပါ။ လူနဲ့ ရဟန်းက အဲဒီလို ကွာတာပါ။
သီလ ဖြူစင်အောင် လုပ်ဖို့ လူနဲ့ရဟန်းမှာ လူကပိုလွယ်ပါတယ်။ ကိုယ့်ဟာကိုယ် တစ်ယောက်တည်း လုပ်လို့ ရသလို နောက်ဆုံးသေခါနီး ခုတင်ပေါ်မှာ သီလယူချိန် မရရင်တောင် “ဒီလို အကုသိုလ်မျိုးတွေေ နာင်ဘယ်တော့မှ မလုပ်တော့ပါဘူး”လို့ စိတ် အဓိဋ္ဌာန် ဆုံးဖြတ် လိုက်ရုံပါ။ သီလ ဖြူစင်သူဖြစ်သွားတာနဲ့ ကိုယ်အားထုတ် နေကျ သတိပဋ္ဌာန် တရားကို ဆက်အား ထုတ်သွားရုံပါပဲ။
ဒါတွေကို ထောက်ပြီး ဘာမှ အားငယ် စိတ်ဓါတ်ကျ နေစရာ မလိုပါဘူး။ သီလ ဖြူစင်အောင် လုပ်ပြီး ဆက် အားထုတ် သွားရုံပါပဲ။
ကိုယ့်ကိုယ်ကို အသစ် တည်ဆောက်နေတဲ့ကာလမှာ အကုသိုလ်တွေ ကတော့ အာရုံတွေ တွေ့တိုင်း တွေးတိုင်း ဝင်လာနေမှာပါ။ ဝင်လာသမျှ အကုသိုလ်ကို ပယ်လို့ရတဲ့ နည်းတွေနဲ့ ပယ်သွားရမှာပါပဲ။
အကုသိုလ် ပယ်တဲ့ နေရာမှာတော့ ဆင်ခြင်းပြီး ပယ်တာရယ်၊ ပွါးများပြီး ပယ်တာရယ် ကတော့ အထင်ရှား ဆုံးပါပဲ။ အဲဒီနှစ်နည်းကို ရှေ့စာအုပ် တွေထဲမှာလည်း အသင့်အတင့် ရေးခဲ့ပြီးပါပြီ။ ဒီမှာတော့ ခပ်ကျဉ်းကျဉ်းပဲ ရေးပြရအောင်ပါ။
အကုသိုလ်စိတ် ရင်ထဲဝင်လာတဲ့အခါ “ဒီအကုသိုလ် တွေဟာ အပြစ်နှင့်တကွ မကောင်းကျိုးကို ပေးခြင်း လက္ခဏာရှိတယ်။ အပါယ် ငရဲကိုလည်း ကျစေတယ်။ ဘဝကိုလည်း ကမောက်ကမ ဖြစ်စေတယ်” စသည်ဖြင့် စိတ်ထဲကပဲ ဖြစ်ဖြစ်၊ အသံထွက်ပြီး ပဲဖြစ်ဖြစ် ဆင်ခြင်လိုက်ရင် ပျောက်သွားတာ များပါတယ်။ ဒါက ဆင်ခြင်ပြီး ပယ်တာပါ။
အကုသိုလ်စိတ် ဖြစ်လာရင် သတိနဲ့ သိလိုက်ဖို့ပါ။ ဥပမာ- ဣဿာ မစ္ဆရိယ စိတ်ဖြစ်ရင် အဲဒီ ဣဿာ မစ္ဆရိယ စိတ်ကလေးကို တည့်တည့် စိုက်ကြည့်ပြီး “ဣဿာ မစ္ဆရိယ စိတ်ကလေးက ဘယ်လိုလေးလဲ၊ ဘယ်လို သဘောလေး ဖြစ်နေတာလဲ” စသည်ဖြင့် သဘောလေးအထိ သိအောင် သတိကပ်ပြီး “ဣဿာ မစ္ဆရိယ စိတ်ဖြစ် တယ် ဖြစ်တယ်”ဆိုပြီး ရှုမှတ်ပစ်ရမှာပါ။
ဒီလိုပါပဲ မကောင်းတဲ့ အတွေး၊ အကုသိုလ် ဖြစ်စေတဲ့ အတွေးကို တွေးမိပြန်ရင်လည်း တွေးတာကို ချက်ခြင်း သိပြီး “တွေးတယ် တွေးတယ် တွေးတယ် တွေးတယ်”လို့ ရှုမှတ်ပစ်ရမှာပါ။ မနက်ဖြန် အားမှပဲ မှတ်မယ်လို့ လုပ်လို့မရပါဘူး။ ချက်ချင်းသိ ချက်ချင်း မှတ်တဲ့ အလေ့လေးကို စွဲနေအောင် လေ့ကျင့် ထုံထားရပါမယ်။ ထုံထားရင် စွဲသွားတာများပါတယ်။ စိတ်ကို ရှုတာ ဆိုတော့ စိတ္တာ နုပဿနာ သတိပဋ္ဌာန်ဖြစ်နေတာပါ။ ဒါကို ကျေးဇူးတော်ရှင် မဟာစည် ဆရာတော် ဘုရားကြီးက “စိတ်အမူအရာ၊ ဖြစ်တိုင်းမှာ၊ မှန်စွာသိရမည်”လို့ လိုရင်း အဓိပ္ပါယ် ထိထိမိမိနဲ့ လင်္ကာ စီပေး ထားပါတယ်။ စိတ်အမူအရာ ဖြစ်တိုင်း ဖြစ်တိုင်း သိသိနေပါတဲ့။
ကျေးဇူးတော်ရှင် ယော ဆရာတော် ဘုရားကတော့ “ ရှေ့စိတ်ဖြစ်ဘိ၊ နောက်စိတ်သိ၊ သိတိုင်း အပူစင်”လို့ မကြာခဏ မိန့်ကြား လေ့ရှိပါတယ်။ ရှေ့စိတ် ဖြစ်နေတာေ လးကို နောက်စိတ်က လိုက်လိုက် သိနေပါတဲ့။ အဲဒီလို သိသိနေရင် အပူတွေ ကင်းစင်ပြီး အေးချမ်း နေပါလိမ့်မယ်လို့ ဟောပြထားပါတယ်။
ကျေးဇူးတော်ရှင် မိုးကုတ် ဆရာတော် ဘုရားကြီးကတော့ “ အသေးစိတ်ကို အရှင်စိတ်နဲ့ လိုက်မှတ်တာ”လို့ မိန့်ပေးပါတယ်။
ရှေ့ဖြစ် လိုက်တဲ့ အကုသိုလ်စိတ်က ဖြစ်ပြီးတာနဲ့ သေသွားပါပြီ ၊ နောက်က လိုက်မှတ်တဲ့ စိတ်က အရှင်စိတ် ဖြစ်သွားပါပြီ။ ဖြစ်တဲ့ အကုသိုလ် စိတ်နဲ့ မှတ်သိစိတ် တပြိုင်နက် မှတ်လို့ မရတော့ မိုးကုတ် ဆရာတော် ဘုရားကြီးက အသေစိတ် အရှင်စိတ်ဆိုပြီး ခွဲပြ ပေးထားပါတယ်။
ပဋ္ဌာန်း သဘော အရဆိုရင် ခုလို မှတ်လိုက်တာဟာ အကုသိုလ် ကနေ ကုသိုလ်ဖြစ်သွားတာပါ။ ဖြစ်တုန်းက အကုသိုလ်ပါ၊ မှတ်လိုက်တော့ ဘာဝနာ ကုသိုလ် ဖြစ်သွားပါတယ်။
ရှုမှတ်လိုက်လို့ အကုသိုလ် စိတ်က ဆက်ဖြစ်ချင်လည်း ဖြစ်မယ်၊ ရပ်ချင်လည်း ရပ်သွားမယ်။ ဆက်ဖြစ်တာ မဖြစ်တာသူ့အလုပ်၊ မှတ်ရမှာ ကတော့ ကိုယ့်အလုပ်ပါ။ သူ့အလုပ်၊ ကိုယ့်အလုပ်ခွဲထားရမှာပါ။
ရေးပြရတာ သာလွယ်တာ ကျင့်သုံးဖို့ ကျတော့ ခက်နေပြန်ရော။ ခက်တာကို ခက်တဲ့ အတိုင်း ထားရင် တော့ ခက်ပြီးရင်း ခက်နေ တော့ မှာပါပဲ။ ဒီလိုပါပဲ လေ့ကျင့်ရင်းနဲ့ ခက်တာကို လွယ်အောင် လုပ်ယူရမှာပါပဲ။
ချမ်းမြေ့ ဆရာတော် ဘုရားကတော့ “ရေများရေနိုင် မီးများမီးနိုင်”လို့ မိန့်ထားပါတယ်။ ရှုမှတ်စိတ်က အားကောင်းရင် ရှုမှတ်စိတ်က နိုင်သွားမှာပါ။ အကုသိုလ် ဖြစ်တဲ့စိတ်က အားကောင်းရင် အကုသိုလ် စိတ်က နိုင်သွားမှာပါပဲ။ ဖြစ်တဲ့ အကုသိုလ် စိတ်ကို မရှုဘဲ ဒီအတိုင်း ထားရင် အကုသိုလ် စိတ်ကပဲ အမြဲနိုင်နေတော့မှာပါ။
ဒီနေရာမှာ လူနှစ်ယောက်ကို ခွဲခြားပစ်ရမှာပါ။ ပထမ တစ်ယောက်က ကိုယ့်ကိုယ်ကို အကုသိုလ်စိတ် ဖြစ်တာကို ဖြစ်မှန်းမသိဘဲ ဖြစ်ကြော ရှည်ပြီး ဆက်ကာ ဆက်ကာ ဖြစ်နေတဲ့သူပါ။ ဒုတိယ တစ်ယောက် ကတော့ ပုထုဇဉ် အားလျော်စွာ မနှစ်သက်တဲ့ အာရုံကိုတွေ့ပြီး အကုသိုလ်တော့ ဖြစ်လိုက်တာပါပဲ။ ဒါပေမယ့် ဖတ်ဖူးထားတဲ့ အတိုင်း၊ နာကြား ဖူးထားတဲ့အတိုင်း ဖြစ်တဲ့ အကုသိုလ်ကို ဖြစ်တဲ့အတိုင်း ချက်ချင်းသိပြီး ရှုမှတ်ပစ်တဲ့သူပါ။
ဒီတော့ဒီလူနှစ်ယောက်မှာ ကိုယ်ဟာဘယ်ထဲပါမလဲဆိုတာ ကိုယ်တိုင်ဆုံးဖြတ်ရမှာပါပဲ။ လောလောဆယ် အကျိုးကတော့ အကုသိုလ် စိတ်ဖြစ်ပြီဆိုရင် ဖြစ်တဲ့သူကအရင်စိတ်ဆင်းရဲ ရတော့တာပါ။ ဒါတင်မကပါဘူး။ အကုသိုလ်စိတ်ဖြစ်တဲ့သူနဲ့ ဆက်နွယ် နေတဲ့ မိဘ ညီအစ်ကို မောင်နှမ မိတ်ဆွေ ဆရာသမား ရဟန်း စသည်တွေပါ အကုန် စိတ်ဆင်းရဲ ရတော့တာပါ။ ဖြစ်သူ တစ်ယောက် ထဲတင် စိတ်ဆင်းရဲရတာ မဟုတ်ပါဘူး။ ဆက်စပ် သူမှန်သမျှ အကုန်လိုက် လောင်တော့တာပါပဲ။ ဒါကြောင့် ပုထုဇဉ် အားလျှော်စွာ ဖြစ်ဦးတော့ ဖြစ်တာနဲ့ ချက်ချင်းသိပြီး ရှုမှတ် ပစ်တဲ့သူထဲမှာ ပါအောင် ကြိုးစားရမှာပါ။
တစ်ခါတလေ စာရေးသူက ယောဆရာတော် ဘုရားဆီ အဖေါ်မခေါ်ဘဲ တစ်ပါးတည်း သွားတတ်ပါတယ်။ တစ်ပါးတည်း သွားတယ် ဆိုတာက ဆရာတော်ကို ကိုယ်မေးချင် တာမေးလို့ရသလို ကိုယ့်မှာ အားနည်းချက်ရှိလို့ ဆရာတော် ဆုံးမရင်လည်း ဘေးလူ မသိ စေချင်လို့ပါ။
တစ်ခါ မှာတော့ နောက်မှာလည်း လူရှိ မရှိကြည့်ပြီး လူမရှိတာ သေချာပြီဆိုမှ “ဆရာတော်ဘုရား…. တပည့်တော်မှာ တစ်ခါတလေ ကိုယ်မလိုချင်တဲ့ အကုသိုလ်စိတ်တွေ ဖြစ်မိ ပါတယ်ဘုရား။ အကုသိုလ်စိတ် ဖြစ်တော့ စိတ်ဆင်းရဲ ရပါတယ်ဘုရား။ ဘယ်လို ပယ်ရပါမလဲ”လို့ မေးတော့ ဆရာတော် ဘုရားက….
“ ဖြစ်တဲ့ အကုသိုလ်ကို ရှုမှတ်ပစ်ပေါ့၊ သာသနာမှာ အကုသိုလ် ကိလေသာရှိလို့ အလုပ်လုပ် စရာရှိနေတာ၊ အကုသိုလ် ကိလေသာ စိတ်မရှိရင် ရဟန်း တစ်ပါးအနေနဲ့ သာသနာမှာ ဘာမှ လုပ်စရာ အလုပ်မရှိတော့ဘူး။ ရဟန်း အလုပ်က ကိလေသာ ပယ်ဖို့ပဲ၊ သာသနာမှာ ဆရာတော်ကြီးတွေ တော်တယ် တော်တယ် ဆိုတာ အကုသိုလ် ကိလေသာကို ပယ်နိုင်လို့ တော်တာ။ အဲဒီမှာ သတိပါ နေဖို့ပဲ။ သတိပါ နေရင် ကိလေသာ ဆယ်ချက်ဖြစ်ရမှာ နှစ်ချက် သုံးချက်နဲ့ ရပ်သွားတယ်။ ပြောလိုက်ပေါ့ “အကုသိုလ်ရယ် ပုထုဇဉ်ပဲဖြစ်ပါ၊ မဖြစ်ရဘူးလို့ မဆိုလိုပါဘူး၊ ဖြစ်ပါ၊ ဒါပေမယ့် နှစ်ချက် သုံးချက် ဖြစ်ရရင် တော်ရောပေါ့ကွာ”လို့ ပြောလိုက်ပေါ့” လို့ မိန့်ပြပါတယ်။
ဆရာတော် ဘုရားက အကုသိုလ် ဖြစ်တာ စိတ်ညစ်စရာ မဟုတ်ပါဘူးတဲ့။ အကုသိုလ်ကို ကိုယ့်ရဲ့ပြိုင်ဘက် လို့ သဘော ထားရပါမယ်တဲ့။ ဆရာတော် ဘုရားက ဥပမာနဲ့ မိန့်ပြပါတယ်။
လက်ဝှေ့ ထိုးတဲ့အခါ စင်ပေါ်မှာ တစ်ယောက်တည်း ထိုးနေရင် ကြည့်လို့ မကောင်းဘူးတဲ့။ အားပေးမယ့် သူလည်း မရှိပါဘူး။ တစ်ယောက်တည်း ထိုးနေရင် အရူး ဖြစ်နေမှာပေါ့။ ပြိုင်ဘက်နဲ့ နှစ်ယောက်ထိုးမှ အောက်က ပရိသတ်က လက်ခုပ်တီးပြီး အားပေး တော့တာပါ။ ဒါမှလည်း လက်ဝှေ့ပွဲကို ကြည့်လို့ ကောင်းတာပါတဲ့။ ဒီလိုပါပဲ ဆရာတော်ရဲ့ သြဝါဒ အရဆိုရင် အကုသိုလ်စိတ် ဖြစ်လာတဲ့အခါ ဘာမှစိတ်ညစ်မနေပါနဲ့၊ အကုသိုလ် စိတ်ကို ပြိုင်ဘက်လို့ နှလုံးသွင်းပြီး ရှုမှတ်ပစ်ရမှာပါပဲ။ အကုသိုလ်စိတ်ရယ်၊ ရှုမှတ်စိတ်ရ ယ် ပြိုင်ရတော့မှာပါ။
ဒီတော့ ဆရာတော့်သြဝါဒအတိုင်း အကုသိုလ်စိတ်ဝင်လာရင်“ကဲ..ကိုရွှေအကုသိုလ်ရေ..မင်းနဲ့ငါပြိုင် ရအောင်၊ မင်းကပဲ နိုင်မလား၊ ငါကပဲနိုင် မလား ပြိုင်ကြတာပေါ့”ဆိုပြီး တစ်ယောက်ချင်းပြိုင်ရမှာပါ။ တကယ်လည်း တစ်ယောက်ချင်း ပါပဲ၊ ရာဂ ဒေါသ မောဟ ဣဿာ မစ္ဆရိယစတဲ့ အကုသိုလ် တရားတွေဟာ နှစ်စိတ် သုံးစိတ် ပြိုင်ဖြစ်လို့ မရပါဘူး။ တစ်စိတ်စီ ပဲဖြစ်ကြရတာပါ။ တစ်ယောက် ချင်းချင်း သူနိုင်ကိုယ်နိုင် ပျှော်စရာ ကြီးပါ။
ပြိုင်ပြီ ဆိုကတည်းက အနိုင်၊ အရှုံး၊ သရေဆိုတာ ရှိမှာပါ။ အမြဲတမ်းတော့ နိုင်မနေနိုင်ပါဘူး။ နိုင်တဲ့ အခါရှိသလို ရှုံးတဲ့အခါလည်း ရှိမှာပါပဲ။ ရှုံးလည်း ဆက်ပြိုင်နေရမှာပါ။ တကယ်တော့ ဖြစ်ပေါ်လာတဲ့ အကုသိုလ် စိတ်ကို ရှုမှတ်ပစ်တာဟာ ပါရမီဖြည့် နေတာပါပဲ။
ဒီတော့ အကုသိုလ် စိတ်တွေဟာ ကိုယ့်အတွက် ပါရမီဖြည့်ဖို့ တွေပါပဲ။ ဒါကြောင့် ဘယ်လို အကုသိုလ်ပဲဖြစ်ဖြစ် “လာစမ်း အကုသိုလ် ပါရမီဖြည့် ပစ်မယ်”ဆိုပြီး စိန်ခေါ်ရမှာပါ။ ဣဿာ မစ္ဆရိယစိတ်ဖြစ်လည်း ဘာဖြစ်လဲ “လာစမ်း ဣဿာမစ္ဆရိယ … ပါရမီဖြည့်ပစ်မည်”ဆိုပြီး ရှုမှတ် ပစ်ရုံပါပဲ။ဒါကတော့ အကုသိုလ်ကို ပွါးများပြီးပယ်ပုံ အကျဉ်းပါပဲ။
ဖြစ်ပေါ်လာတဲ့ အကုသိုလ်ကို ပယ်ပစ်ဖို့က သိပ်အရေးကြီးပါတယ်။ ဒီနေရာမှာ မြတ်စွာ ဘုရားဟောကြား ထားတဲ့ မူလပဏ္ဏာသ ပါဠိတော် ဝိတက္က သဏ္ဌာနသုတ် ကလာတဲ့ အကုသိုလ် ပယ်နည်း ငါးနည်းကို အဓိကထား ပြောသွားရအောင်ပါ။
ဝိတက္က သဏ္ဌာနသုတ် ဆိုတာ ကိုယ့်ရင်ထဲကို အကုသိုလ် တရားတွေဝင်လာရင် အကြောင်းငါးပါးနဲ့ ပယ်ပုံကို ဟောပြ ထားတဲ့သုတ်ပါ။ ရာဂ၊ ဒေါသ၊ မောဟ၊ ဣဿာ၊ မစ္ဆရိယ စတဲ့ အကုသိုလ် အညစ်အကြေးတွေ ဝင်လာရင် အကြောင်း တရားငါးပါးကို နှလုံးသွင်းပြီး ပယ်ဖျောက်ပစ်ရမှာပါ။
အဲဒီ အကြောင်းငါးပါးနဲ့ ပယ်ပုံကို ရေးပြသွားရအောင်ပါ။
၁။ ကုသိုလ် တရားကို ဆင်ခြင်ပါ။
၁။ရာဂ ဒေါသ မောဟ နဲ့စပ်ယှဉ်တဲ့ အကုသိုလ်တွေ ဝင်လာတဲ့အခါ ကုသိုလ်နဲ့ စပ်ယှဉ်တာတွေ ပြောင်းပြီး နှလုံးသွင်းလိုက်ပါတဲ့။
ပါဠိတော် မှာတော့ ကုသိုလ်နဲ့ စပ်ယှဥ်တာတွေပြောင်းပြီး ဖျောက်ပါလို့ပဲ ဆိုထားပါတယ်။ ဘယ်လို ကုသိုလ်တွေ ဆိုတာတော့ ပြ မထားပါဘူး။ ဒါကို အဋ္ဌကထာက ကုသိုလ်နဲ့ စပ်ယှဉ် တာတွေကို ဖွင့်ပြပေးပါတယ်။
ရာဂဖြစ်လာရင် အသုဘ ဘာဝနာ နှလုံးသွင်းပြီး ဖျောက်ပါတဲ့။ ဒေါသ ဖြစ်လာရင်မေတ္တာ ပွါးပြီးဖျောက်ပါတဲ့။ ဒီကဏ္ဍမှာပဲ မဟာစည် ဆရာတော် ဘုရားကြီးက“ဘယ်ကိလေသာ မဆို ဖြစ်ပေါ်လာရင် သမထ တစ်ခုခုကို နှလုံးသွင်းပြီး ဖျောက်ရပါမယ်”လို့ မိန့်ထားပါတယ်။ ပယ်လည်း ပယ်နိုင်တယ်လို့ ထပ်မိန့်ပါတယ်။
ဒီတော့ ဆရာတော် ဘုရားကြီး မိန့်မှာတာကို အာရုံပြုပြီး အကုသိုလ် ကိလေသာစိတ် တစ်ခုခု ဝင်လာတဲ့ အခါ ကိုယ်အားသန်ရာ သမထ ကုသိုလ် တစ်ခုခုကို ပွါးပြီးပယ် လိုက်လို့လည်း ရပါတယ်။
ဥပမာ- အကုသိုလ်စိတ် တစ်ခုခုဝင်လာတာနဲ့ အရဟံဂုဏ်တော်လေး ပဲဖြစ်ဖြစ်၊ ပွါးနေ လိုက်ရင်လည်း ပျောက်သွား တာများပါတယ်။ ဒါမှမဟုတ် “ ငါသည် မုချဧကန် သေရမည်။ ငါ၏ ရှင်ခြင်းသည် မမြဲ၊ ငါ၏ သေခြင်း သည်မြဲ၏”လို့ မရဏာ နုဿတိကို ထပ်ကာ ထပ်ကာ ပွါးနေလိုက်လို့ လည်း ရပါတယ်။ ဘယ်သူပဲ ဖြစ်ဖြစ် သေခြင်း တရားအကြောင်းကို တွေးလိုက်ရင် အကုသိုလ်စိတ် ဖြစ်ချင်စရာမရှိတော့ပါဘူး။
၂။ အပြစ်ကို ဆင်ခြင်ပါ။
၂။ ကုသိုလ် တရားတွေ နှလုံးသွင်းလို့မှ မပျောက်ရင် အကုသိုလ် ရဲ့အပြစ်ကို ဆင်ခြင်ပြီး ဖျောက်ပါတဲ့။ ရင်ထဲမှာ အကုသိုလ် စိတ်ဖြစ်လာရင် “ဒီအကုသိုလ် တွေဟာ အပါယ်လေးပါးကို ကျသွားနိုင်တယ်၊ စားရမဲ့ သောက်ရမဲ့ ပြိတ္တာလည်း ဖြစ်သွားနိုင်တယ်။ သုဂတိ ဘဝကိုလည်း မရောက်နိုင်ဘူး။ သံသရာ ခရီးတစ်လျှောက် ဘဝကို ကမောက်ကမ ဖြစ်သွားနိုင်တယ်” စသည်ဖြင့် ဆင်ခြင်ပြီး ဖျောက် ရပါမယ်။
လူတွေဟာ အကုသိုလ် လုပ်ရမှာသာ မကြောက်တာ၊ အကုသိုလ်ရဲ့ အပြစ်ခံရမှာတော့ လူတိုင်း ကြောက်ကြ ပါတယ်။
အသိ တစ်ယောက် ကတော့ ဘုရားရှိခိုး ပြီးတိုင်း “ငရဲနှင့် ဆင်းရဲ ကင်းလွတ်ရ ပါလို၏”လို့ အမြဲ ဆုတောင်း ပါသတဲ့။ ရင်းနှီး နေတာနဲ့ စာရေးသူက ပြန်ပြော လိုက်ပါတယ်။ “ညညကျတော့ ခြင်ရိုက်တဲ့ လျှပ်စစ် ဘက်တံကြီး နဲ့ ခြင်တွေ သတ်သတ် နေပြီးတော့ လွတ်ပါ လိမ့်မယ် ငရဲနဲ့ ဆင်းရဲ”လို့ ပြောမိပါတယ်။
ငရဲနဲ့ ဆင်းရဲ ကိုတော့ လူတိုင်း ကြောက်ကြပါတယ်။ အထူးသဖြင့် ငရဲကိုတော့ ပိုလို့တောင် ကြောက်ကြ ပါသေးတယ်။ ဒါကြောင့် အကုသိုလ်စိတ် ဖြစ်လာရင် ငရဲကို ဆင်ခြင်လိုက်လို့လည်း ရပါတယ်။
ငရဲကိုဆင်ခြင်၊ သံဝေဂ ဖြစ်ပြီး ဝိပဿနာ ရှုမှတ်လိုက်တာ ရဟန္တာ ဖြစ်သွားတဲ့ သီဟိုဠ်ဇာတ်လမ်းလေး တစ်ပုဒ်ကို ပြောပြချင် ပါသေးတယ်။
တခါတုန်းက သီဟိုဠ် ကျွန်းမှာ မိလက္ခဆိုတဲ့ မုဆိုးကြီးတစ်ယောက်ရှိပါတယ်။ သူက မိသားစုအတွက် မုဆိုးလုပ်ပြီး ကျွေးပါတယ်။ ဒါတင်မကပါဘူး တောထဲ သွားတဲ့အခါ တောထဲမှာပဲရတဲ့ သားကောင်တွေကို ဖုတ်ကင် စားသောက်လေ့ရှိပါတယ်။
တစ်နေ့တော့ သားကောင်တွေ ဖုတ်ကင် စားသေက်ပြီး ရေဆာလို့ အနီးမှာရှိတဲ့ ဘုန်းကြီးကျောင်းကို ဝင်ပါတယ်။ ရေအိုးကို ဖွင့်လိုက်တော့ ရေက တစ်စက်မှမရှိပါဘူးတဲ့။ ဒီတော့ မုဆိုးကြီးက ဘာပြော လိုက်သလဲ ဆိုတော့ “ ရဟန်းတွေက ခရီး သွားတွေ အတွက် ရေလေးတောင် ထည့်မထားကြဘူး။ ပျင်းလိုက်ကြတာ၊ ဒကာ ဒကာမ လှူတာစားပြီး အိပ်နေကြတာပဲ”လို့ အသံထွက် ကဲ့ရဲ့ လိုက်ပါတယ်။ ဒါကို ကျောင်းထိုင် မထေရ်က ကြားပြီး ရေအိုးကို ဖွင့်ကြည့်လိုက်တော့ ရေအိုးထဲမှာ ရေတွေ အပြည့်ရှိ နေပါသတဲ့။ မထေရ်က “အင်း… လူစင်စစ်က ပြိတ္တာ ဖြစ်နေပြီ” ဆိုပြီး ရေကို ကိုယ်တိုင် တိုက်ပေးပါတယ်။
အကုသိုလ် ကံတွေဟာ သိပ်ကြောက်ဖို့ ကောင်းပါတယ်။ တစ်ဆင့်ကြားဖူးတာပါ။ တစ်ခါတုန်းက အင်းသူကြီး တစ်ယောက် ရန်ကုန်မြို့ ကိုလာရင်း ရွှေတိဂုံ စေတီကို တက်ဖူးပါသတဲ့။ ဒါပေမယ့် ရင်ပြင်ပေါ် ရောက် တော့ ရွှေတိဂုံကို မမြင်ရပါဘူးတဲ့။ ဒီတော့ အင်းသူကြီးက နယ်ပြန်ရောက်တဲ့ အခါ ချောင်းထဲက သူ့အင်းတိုင် တွေကို “ဒီ အင်းတိုင်တွေက ငါတို့ မိသားစုကို ထမင်း ကျွေးတာပဲ”ဆိုပြီး အင်းတိုင်တွေကို ရွှေချထားပါသတဲ့။
အကုသိုလ်ကံတွေ သိပ်များလာရင် သဘာဝ တရားတွေက ပုံမှန်အတိုင်း ဖြစ်နေပေမယ့် သူတို့ အတွက်တော့ ပြောင်းပြန် ဖြစ်ခြင် ဖြစ်နေတတ်ပါတယ်။
အပြင်မှာ ဘယ်လောက်ပဲ အေးနေ အေးနေ သူတို့ အတွက်ပူချင် ပူနေတာပါ။ မိတ်ကောင်း ဆွေကောင်းတွေက တရား စကားတွေနဲ့ ဘယ်လောက်ပဲ ဖေးမ ဖေးမ၊ မတရားစကား လို့ပဲ ထင်နေတော့တာပါ။ ဘယ်သူ့ကို မှလည်း အကောင်းမမြင် တော့ပါဘူး။ ကိုယ့်မှာ တရားနဲ့ဖေးမ,ပေးတဲ့ မိတ်ကောင်း ဆွေကောင်းလည်း သိပ်လိုအပ်ပါတယ်။ မိတ်ကောင်း ဆွေကောင်းဆိုတာ ငွေထက်တန်ဖိုးရှိပါတယ်။ အချိန်မီ သိပြီး အချိန်မီ ကုစားနိုင်ဖို့ သိပ်အရေးကြီး ပါတယ်။ အကုသိုလ် နွံနစ်သွားရင် ကယ်ဖို့ခက်သွားပါပြီ။ ဘေးကနေ ဒီအတိုင်း ထိုင်ကြည့် နေရတော့တာပါ။
ကျောင်းထိုင် မထေရ်က မုဆိုးကြီးကို ရေတိုက်ပြီး“ဒကာ… သင်လုပ်ထားတဲ့ အကုသိုလ်ကြီးက ကြောက်စရာကြီး၊ သင်လူစင်စစ်က ပြိတ္တာ ဖြစ်နေပြီ ကိုယ့်ဟာကိုယ် စဉ်းစားပေတော့”လို့ မိန့်ပါတယ်။
မုဆိုးကြီးလည်း ကြောက်လန့်သွားပြီး တောထဲမှာ ထောင်ထားတဲ့ ကျော့ကွင်းတွေကို ဖျက်ဆီးပစ်လိုက် ပါတယ်။အိမ်ပြန် ရောက်တဲ့ အခါမှာလည်း မိထား လှောင်ထားတဲ့ သားကောင်တွေကို ပြန်လွှတ် ပေးလိုက်ပါတယ်။ ပြီးတော့ မိသားစုထံ ရဟန်းဝတ်ဖို့ ခွင့်ပန်ပါတယ်။
ခွင့်ပြုချက် ရတာနဲ့ တရား ဟောလိုက်တဲ့ မထေရ်ဆီ ပြန်လာပြီး ရဟန်း ဝတ်လိုက်ပါတယ်။ ရဟန်း ဝတ်ပြီး ဝိပဿနာ တရားကို ကြိုးကြိုး စားစား အားထုတ်ပါတယ်။ ဒါပေမယ့် တရားထိုင် တဲ့အခါ မုဆိုးဘဝက သတ်ခဲ့ဖြတ်ခဲ့ တာတွေ အကုန်ပြန်ပေါ်နေလို့ တရားကို ဘယ်လိုမှ အားထုတ်လို့ မရဘူးဖြစ်နေပါတယ်။
နောက်ဆုံး စိတ်ဓာတ် ကျပြီး လူထွက်တာပဲ ကောင်းပါတယ် ဆိုပြီး မထေရ်ထံ လူပြန် ထွက်ပေးဖို့ ခွင့်တောင်းပါတယ်။ ဒီတော့ မထေရ်က မုဆိုး ဦးဇင်းကြီးကို ငရဲအကြောင်း ဟောပြပါတယ်။ ပြီးတော့ “သင်လူထွက် ရင် အဲဒီငရဲမှာ ခံရလိမ့်မယ်”လို့ ဟောလိုက်ပါတယ်။
မုဆိုး ဦးဇင်းကြီးကလည်း “အဲဒီငရဲကို ကြည့်လို့ မရဘူးလား”လို့ လျှောက်ပါတယ်။ ကျောင်းထိုင် မထေရ်က “ငရဲတော့ ကြည့်လို့ မရဘူး၊ တခြား တစ်နည်းနဲ့ ပြတာပေါ့”ဆိုပြီး ကိုရင်တွေကို သစ်သား ထင်းအစိုတွေ အများကြီး ရှားခိုင်းပြီး ကျောက်ဖျာပေါ်မှာ ပုံခိုင်း လိုက်ပါတယ်။ တန်ခိုးနဲ့ငရဲကနေ မီးပွါးလေး တစ်ခုယူပြီး ထင်းအစို ပုံကြီးပေါ် ပစ်ချလိုက်တာ တစ်ခါတည်း ထင်းအစိုပုံကြီး ပြာ ဖြစ်သွား ပါတယ်။ ဒါကို မြင်လိုက်ရတော့ မုဆိုး ဦးဇင်းကြီး ငရဲကို ပိုကြောက်သွားပါတယ်။ လူမထွက် တော့ဘူးဆိုပြီး တရားကို ကြိုးကြိုးစားစား ပြန်အားထုတ်ပါတော့တယ်။
ညပိုင်းမှာ သိပ်အိပ်ငိုက်လာရင် ကောက်ရိုး ကရွတ်ခွေကြီးလုပ်ပြီး အဲဒီ ကောက်ရိုး ကရွတ်ခွေကြီးကို ရေစိမ်၊ ရေတွေ တစ်စက်စက် ကျနေတဲ့ ကရွတ်ခွေကြီးကို ခေါင်းပေါ်တ င်ထားလိုက်ပါတယ်။ ဒီတော့ အိပ်ချင်စိတ် တွေ ပျောက်သွားပါတယ်။ ဆက်လက်ပြီး အားထုတ် လိုက် တာ ရဟန္တာ ဖြစ်သွားပါတော့တယ်။
ငရဲကို ဆင်ခြင် လိုက်လို့ ရဟန္တာ ဖြစ်သွားတာတော့ မဟုတ်ပါဘူး။ “ဝိပဿနာအစ သံဝေဂက” ဆိုတဲ့အတိုင်း ငရဲကို ဆင်ခြင်၊ ဆင်ခြင်မှုက တဆင့် သံဝေဂဖြစ်။ သံဝေဂကို အခြေခံပြီး ဝိပဿနာ ရှုမှတ်လိုက်တာ တရားထူး ရသွားတဲ့ သာဓကတစ်ခုပါ။
ငရဲကို ဆင်ခြင်လိုက်တာနဲ့ သံဝေဂဖြစ်၊ ရဟန္တာတောင် ဖြစ်သွားသေး တာဆိုတော့ အကုသိုလ်စိတ် ပျောက် ဖို့လောက်တော့ ကောင်းကောင်းကြီး အကူအညီ ပေးနိုင်ပါတယ်။ ဒီသာဓကကို ထောက်ပြီး အကုသိုလ်စိတ် ဖြစ်လာရင် ငရဲကို ဆင်ခြင်ပြီး ဖျောက်လို့ လည်း ရပါတယ်။
၃။ နှလုံးမသွင်းပါနဲ့
နံပါတ်(၃) က အကုသိုလ် အပြစ်ကို ဆင်ခြင်လို့မှ မပျောက်ရင် အဲဒီအကုသိုလ်စိတ်ကို နှလုံးမသွင်းပါနဲ့တဲ့။
နှလုံးမသွင်း ပါနဲ့ရဲ့ နောက်မှာ အဋ္ဌကထာက တစ်ခြား အာရုံကို ဖြစ်စေလိုက်ပါတဲ့။ တချို့ အတွေးတွေဟာ တွေးလိုက်ရင်ကုသိုလ်ဖြစ်ပါတယ်။ တချို့အတွေး တွေကျတော့ တွေးလိုက်ရင် အကုသိုလ်ဖြစ်ပါတယ်။ အကုသိုလ် ဖြစ်တဲ့ အတွေးကိုမှတ်ထားပြီး မတွေး မိအောင်နေရမှာပါ။
နှလုံး မသွင်းပါနဲ့၊ မတွေးပါနဲ့ ဆိုပေမယ့် တွေးချင် တွေးနေမှာပါ။ စိတ်ကို ထိန်းချုပ်ဖို့ သိပ်ခက်ပါတယ်။ ဒီတော့ အကုသိုလ် အတွေးကို တခြား အာရုံတစ်ခုနဲ့ အစားထိုးပေးရမှာပါ။
တချို့ ကျတော့လည်း မကျေနပ်တဲ့ အာရုံကို သေချာပုံဖေါ် သေချာ နှလုံးသွင်းပြီး အကုသိုလ်ဖြစ်နေတာပါ။ နှလုံးသွင်းလေ အကုသိုလ်စိတ် ဖြစ်လေပါပဲ။ နှလုံး မသွင်းရင်အကုသိုလ်စိတ် မဖြစ်ပါဘူး။ ဒီနှလုံးမသွင်းပါနဲ့
ကဏ္ဍကို အဋ္ဌကထာမှာ အဆင့်ဆင့်အကျယ်ဖွင့်ပြထားတာ အကုသိုလ် စိတ်ပယ်ချင်သူတွေ အတွက် သိပ်စိတ်ဝင်စား ဖို့ ကောင်းတာပါ။
နှလုံးမသွင်းပါနဲ့တဲ့။ အဲဒီလိုမှ မပျောက်ရင် ကမ္မဋ္ဌာန်း အပေါ်ကျေးဇူးများတဲ့ ပါဠိကို အသံခပ် ကျယ်ကျယ်နဲ့ ရွတ်ပစ် လိုက်ပါတဲ့။ ခပ်တိုးတိုးတောင် မဟုတ်ပါဘူး။ အသံကျယ်ကျယ်နဲ့ ရွတ်ရမှာပါ။
ဒါကို ထောက်ပြီး အကုသိုလ်စိတ်ဝင်လာရင် ရထားတဲ့ ပါဠိကို လမ်းကို ရှေ့နောက် အပြန်ပြန် လျှောက်ပြီး ရွတ်နေ လိုက်ရုံပါပဲ။
ဥပမာ… ဒိဝါတပတိ ဂါထာရွတ်နေကျ ဆိုရင်လည်း လမ်းလျှောက်ရင်း အခေါက် တစ်ရာလောက် ရွတ်ပစ် လိုက်ပေါ့။ စာမှာ ပြထားတဲ့ အတိုင်း အသံကျယ်ကျယ်နဲ့ ရွတ်ပေးရမှာပါ။ အခေါက် တစ်ရာ ပြည့်သွားတဲ့အခါ အကု သိုလ်လည်းပျောက်၊ ကုသိုလ်လည်း ရောက်ပါပဲ။ အကျိုးနှစ်ခုရတော့တာပါ။
အဲဒီလိုမှ မပျောက်ရင် ဘုရားဂုဏ်၊ တရားဂုဏ် အကြောင်းတွေ ရေးထားတဲ့စာအုပ်တွေ ဖတ်လိုက်ပါတဲ့။
ဆရာတော် အရှင်ဇနကာ ဘိဝံသရဲ့ “ရတနာ့ဂုဏ်ရည်”၊ “ကိုယ်ကျင့် အဘိဓမ္မာ” ၊ ဦဇင်း အရှင် ဆန္ဒာဓိကရဲ့ “လိုတရ နှလုံးသား”စသည်ဖြင့် အများကြီးပါပဲ။ စိတ်က စာထဲရောက် သွားတာနဲ့ အကုသိုလ်က ပျောက်သွားတာပါပဲ။ တချို့ဆို စာအုပ် တစ်အုပ် ဖတ်ပြီး ဘဝ တစ်ခုလုံးတောင် ပြောင်းသွား သေးတာဆိုတော့ အကုသိုလ်စိတ် ပျောက်ဖို့ လောက်တော့ မခက်ပါဘူး။ ဒီတော့ အကုသိုလ်ဝင်လာရင် စာဖတ်လိုက်ပါ။
ဒီနေရာမှာ အဋ္ဌကထာ ဆရာက အကုသိုလ်စိတ် ဝင်လာတဲ့ အခါ ဝေယျာဝစ္စ တစ်ခုခုကို ထလုပ်လိုက်လို့ အကုသိုလ်စိတ် ပျောက်သွား ပုံလေးကို သီဟိုဠ်ဝတ္တုလေး တစ်ပုဒ်နဲ့ သာဓက ပြထားပါသေးတယ်။
အဲဒီ ဝတ္ထုလေးက စာရေးသူရဲ့ “ကုသိုလ်ဖြစ်အောင်ေ တွးမယ်” စာအုပ်ထဲမှာ ပါပြီးသားဆိုတော့ ခပ်ကျဉ်း ကျဉ်းပဲ ရေးပြရအောင်ပါ။
တစ်ခါတုန်းက သီဟိုဠ် ကျွန်းမှာ ကိုရင်တိဿ ဆိုတဲ့ ကိုရင် တစ်ပါးရှိပါတယ်။ တစ်နေ့တော့ ကိုရင် တိဿဟာ အကုသိုလ် ကာမ ဝိတက်တွေ ဝင်လာပြီး လူထွက်ချင်စိတ် ပေါက်လာပါတယ်။ ဒါကြောင့် ဆရာ ဥပဇ္ဈာယ်ကို လူထွက်ချင်ကြောင်း သွားလျှောက်ပါတယ်။ ဆရာက “ကိုရင်တိဿရယ် သင်လူထွက် လိုက ထွက်ပါ။ တို့မတား ပါဘူး။ ဒါပေမယ့် တို့နေတဲ့ အရပ်ဟာ ချိုးရေရှားတယ်။ ရေပေါတဲ့ စိတ္တရ တောင်ဘက်ကို ပို့ပေးပါဦး”လို့ မိန့်ပါတယ်။ကိုရင် တိဿလည်း ရေပေါတဲ့ စိတ္တရတောင် ဘက်ကို ပို့ပေးပါတယ်။
စိတ္တရ တောင်ရောက်တော့ ဆရာက တစ်ခါ “ဒီစိတ္တရတောင်မှာရှိ တဲ့ကျောင်းတွေဟာ အများပိုင်ကျောင်း တွေ၊ သံဃိက ကျောင်း တွေဆိုတော့ အစစအရာရာ ဆင်ခြင်နေ ရတယ်။ ဒါကြောင့် ကိုယ်ပိုင် ကျောင်းလေး တစ်ကျောင်းတော့ လိုချင်တယ်။ လူမထွက်ခင် ဆောက်ပေးခဲ့ပါဦး”လို့ ထပ်မိန့်တော့ ကိုရင်တိဿလည်း ဆရာကို နောက်ဆုံး ကျေးဇူးဆပ်ခြင်း ဆိုပြီးကျောင်းငယ်လေးကို ကိုယ်တိုင် ဆောက်ပေးပါတယ်။
ကျောင်းဆောက်ရင်း တေဇော ကသိုဏ်းလည်းပွါး၊ သံယုတ္တနိကာယ်ကို လည်းရွတ်ဖတ် နေပါတယ်။ ကျောင်းပြီးတော့ ဆရာကို ခေါ်ပြပါတယ်။ ဆရာက “ကိုရင်တိဿရယ် သင့်ကျောင်းလေးက သိပ်ကောင်းတာပဲ၊ ဒီ တစ်ညတော့ သင်ဆောက်တဲ့ ကျောင်းလေးမှာ သင်ပဲ အိပ်လိုက်ပါဦး၊ ပြီးတော့ လူမထွက်ခင် ဝိပဿနာတရား ကိုလည်း ကျောင်းလေးထဲမှာ ပွါးများလိုက်ပါဦး”လို့ မိန့်ပါတယ်။ ကိုရင် တိဿလည်း တရားတွေ ပွါးများလိုက်တာ နောက်ဆုံး ရဟန္တာ ဖြစ်သွားပါတော့တယ်။
အဋ္ဌကထာ ဆရာက အကုသိုလ်ဝိတက်တွေ ဝင်လာတဲ့အခါ ဝေယျာဝစ္စ ကျောင်းဆောက်မှုကို လုပ်လိုက် တာ အကုသိုလ် ဝိတက်တွေ ပျောက်ပြီး ရဟန္တာဖြစ်သွားပုံကို ပြထားတာပါ။
ကိုယ်က ဒီသာဓက လေးကို ထောက်ပြီး အကုသိုလ် စိတ်ဝင်လာတဲ့အခါ ဝေယျာဝစ္စ တစ်ခုခုကို ထလုပ်လိုက် ဖို့ပါ။ အဝတ်လျှော်တာ၊ တံမြက်စည်း လှည်းတာ၊ ဘုရားပန်းအိုး လဲတာ စသည်ဖြင့်ပေါ့။
မန္တလေးက ဒကာမ တစ်ယောက်ကတော့ စိတ်ဆိုး ဒေါသ ထွက်လာရင် ဘီဒိုထဲမှာ ခေါက်ထားတဲ့ အဝတ် တွေကို အကုန် ဆွဲချလိုက် ပါသတဲ့။ ပြီးတော့ ဖွပစ် လိုက်ပါသတဲ့။ ပြီးမှ တစ်ထည်ချင်ြး ပန်ခေါက်ပါသတဲ့။ ဘီဒို တစ်လုံးစာ ခေါက်ပြီးသွားရင် စိတ်ဆိုး ဒေါသတွေ ပြေသွားပါသတဲ့။ သူရဲ့ အကုသိုလ် ပယ်နည်းကလည်း မှတ်သား စရာပါပဲ။
အဓိက ကတော့ ဝင်လာတဲ့ အကုသိုလ် ပျောက်သွားဖို့ပါပဲ။ ကိုယ်ကြိုက်ရာ နှစ်သက်ရာ အလုပ်တစ်ခုကို ထလုပ် လိုက်ဖို့ပါ။ အကုသိုလ် အာရုံနေရာမှာ တခြား အာရုံ တစ်ခုနဲ့ အစားထိုး လိုက်တဲ့သဘောပါ။
ဒီနှလုံး မသွင်းပါနဲ့ ဆိုတဲ့ ကဏ္ဍမှာပဲ မဟာစည် ဆရာတော် ဘုရားကြီးက - ရှုမှတ်မှုကို ခဏရပ်ထားပြီး နှစ်နာရီ သုံးနာရီ
လောက်ပဲ ဖြစ်ဖြစ် နေ့ဝက်ပဲ ဖြစ်ဖြစ်၊ တစ်နေ့ ပဲဖြစ်ဖြစ် မေ့မေ့ ပျောက်ပျောက် အတူတူ နေပုဂ္ဂိုလ်တွေနဲ့ အလွတ် စကားပြော နေလိုက်ပါတဲ့။
ဒီတော့ အကုသိုလ် ဝင်လာရင် မိတ်ဆွေ တစ်ယောက်ယောက်ဆီ ဖုန်းဆက်လို့ပဲဖြစ်ဖြစ် သွားလို့ပဲဖြစ်ဖြစ် အလွတ်စကားတွေ အေးအေး ဆေးဆေး ပြောနေလိုက်ပေါ့။ စိတ်က စကားထဲမှာပဲ ရောက်နေတဲ့ အတွက် ဖြစ်နေတဲ့ အကုသိုလ်ကို အာရုံ မရောက်တော့ပါဘူး။
ဒါမှ မဟုတ်ရင်လည်း စေတီကိုသွားဖူးလိုက်ပါတဲ့။ ဒီတော့ အကုသိုလ် စိတ်ဖြစ်လာရင် ရွှေတိဂုံေ စတီပဲ ဖြစ်ဖြစ်၊ ဆူးလေ စေတီပဲံဖြစ်ဖြစ်၊ မဟာမြတ်မုနိ ပဲဖြစ်ဖြစ်၊ ကိုယ့်မြို့မှာ ရှိတဲ့ စေတီ တစ်ဆူဆူပဲ ဖြစ်ဖြစ် သွားဖူးလိုက် ဖို့ပါ။
နောက် ဆရာတော်ကြီးက ရေချိုးပါ၊ အဝတ်လျှော်ပါတဲ့။ နောက်ဆုံး အိပ်လိုက မရှုမှတ်တော့ဘဲ အိပ်ပစ် လိုက်ပါတဲ့။
ဆရာတော် ဘုရားကြီးက အကုသိုလ်ကို ရှုမှတ်မှုနဲ့ မပယ်နိုင်ရင်တောင် တစ်ခြား ရတဲ့နည်း တစ်ခုခုနဲ့ ပယ်ပစ်နိုင်ဖို့ မိန့်ပြ ထားတာပါ။ ဆရာတော် ဘုရားကြီးရဲ့ မေတ္တာ ကရုဏာ တော်ပါပဲ။ အကုသိုလ် ဖြစ်လာရင်တော့ ဘယ်နည်းနဲ့ ဖြစ်ဖြစ် ရတဲ့နည်းနဲ့ ပယ်ပစ် နိုင်ဖို့ပါပဲ။
အကုသိုလ်စိတ်ဖြစ်ပုံခြင်း ကတော့ တစ်ယောက်နဲ့ တစ်ယောက် မတူညီနိုင်ပါဘူး။ အကုသိုလ် ပယ်နည်းတွေ အများကြီး ရှိပေမယ့် ပယ်တဲ့ နေရာမှာလည်း တစ်ယောက်နဲ့တစ်ယောက် သပ္ပါယ သင့်ပုံခြင်း မတူနိုင်ပါဘူး။ ဘယ်လိုပုံစံနဲ့ ပဲဖြစ်ဖြစ် အရ ကောက်လိုက်တော့ အကုသိုလ် ကတော့ အကုသိုလ်ပါပဲ။
အကုသိုလ် စိတ်တစ်ခု ဝင်လာရင် တချို့ကျတော့ ဂါထာရွတ် လိုက်ရင် ပျောက်သွားပါတယ်။ တချို့ကျတော့ ဝေယျာဝစ္စ တစ်ခုခု လုပ်လိုက်ရင် ပျောက်သွားပါတယ်။ တချို့ကျတော့ ဘုရား စေတီ သွားဖူးလိုက်ရင် ပျောက်သွား ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် သပ္ပါယသ င့်ပုံခြင်း မတူတော့ ကိုယ်နဲ့ သပ္ပါယသင့်တဲ့ နည်းနဲ့ ပယ်ရမှာပါ။ ဒီတော့ ကိုယ်နဲ့ သပ္ပါယ သင့်တဲ့နည်းကို သိထားဖို့ သိပ် အရေးကြီး ပါတယ်။ အကုသိုလ်စိတ် ဝင်လာတဲ့အခါ နည်း မျိုးစုံနဲ့ စမ်းကြည့်ပေါ့။ ကိုယ်နဲ့ အဆင်ပြေတဲ့ နည်းကို မှတ်ထားလိုက်ဖို့ပါ။
နှလုံးမသွင်းပါနဲ့ ဆိုတဲ့ ကဏ္ဍမှာတော့ အဋ္ဌကထာမှာကော မဟာစည် ဆရာတော်ဘုရားကြီး ကကော အကျယ် ဖွင့်ပြထားပါတယ်။ ဒီမှာတော့ လူနဲ့ ဆိုင်တာတွေ လောက်ပဲ ခပ်သင့်သင့် ရေးပြလိုက်ပါတယ်။
၎။ အကြောင်းကိုရှာပါ
၎။ နှလုံးမသွင်း ဘဲနေလို့မှ မပျောက်ရင် အကုသိုလ်ဖြစ်ရခြင်းရဲ့ အကြောင်းရင်း ကို ရှာပြီး ဖျောက်ပါတဲ့။
အဋ္ဌကထာက အကြောင်းရင်း ရှာပုံကို ဇာတ်ဝတ္ထု လေးနဲ့ ပြထားပါတယ်။ အားလုံးကြားဖူးတဲ့ ဝတ္ထုလေးပါ။ ထန်းပင်တွေနဲ့ ရောနေတဲ့ ဥသျှစ် ပင်အောက်မှာ ယုန်တစ်ကောင် ဝပ်နေတုန်း ဥသျှစ်သီး ကြွေကျတာကို မြေပြိုပါပြီ ဆိုပြီး ထွက်ပြေးကြတဲ့ ဝတ္ထုပါ။ သတ္တဝါတွေ အဆင့်ဆင့် ပြေးရင်း နောက်ဆုံး ဘုရားအလောင်း ခြင်္သေ့မင်းက ဥသျှစ်သီး ကိုပြပြီး မြေပြိုတာ မဟုတ်ဘူး၊ ဥသျှစ်သီး ကြွေကျတာလို့ ပြောပြတဲ့ ဝတ္ထုလေးပါ။
အဋ္ဌကထာ ဆရာက ဘုရားအလောင်းဟာ အကြောင်းရင်း ရှာပြလိုက်တဲ့အတွက် သတ္တဝါတွေ ချမ်းသာ သွားရသလို အကုသိုလ်ဖြစ်လာရင် အကြောင်းရင်း ရှာဖျောက်ပါလို့ ဥပမာ သာဓကနဲ့ ရှင်းပြထားပါတယ်။
တစ်ခါတလေ အကုသိုလ်ဖြစ်ရခြင်းရဲ့ အကြောင်းရင်းက သေးသေးလေးပါ။ ကိုယ်က ပုံကြီးချဲ့တွေးပြီး ခံစားနေလို့ အကုသိုလ်က ကြီးသထက်ကြီး နေတာပါ။ အကြောင်းရင်း သိရတဲ့အခါ ခပ်ပါးပါး လေးရယ်ပါ။ ခွင့်လွှတ် မယ်ဆိုရင် ခွင့်လွှတ်လို့ရတဲ့ အရာလေးပါ။ တစ်ခါတလေ ကျတော့လည်း ကိုယ့်စိတ်ကူးနဲ့ကိုယ် အထင်မှားနေတာ လည်း ရှိပါတယ်။ တကယ်တမ်းကျတော့ ကိုယ်ထင်သလို မဟုတ်ပါဘူး။ အကြောင်းရင်းကို သိလိုက်ရတော့ ဘာမှလည်း မဟုတ်တော့ပါဘူး။ အကုသိုလ်ဖြစ်တာပဲ အဖတ်တင်ပါတယ်။
၅။ သွားအံကိုကြိတ်ပါ။
၅-က အကြောင်းရင်း ရှာလို့မှ မပျောက်ရင် သွားတွေ အံတွေကြိတ်ပြီး ဖျောက်ပါတဲ့။ လျှာနဲ့ အာခေါင်ကို ထောက်ပြီး ဖျောက်ပါတဲ့။
ဒါတွေကတော့ ဝိတက္က သဏ္ဌာနသုတ်က လာတဲ့ အကုသိုလ် ပယ်နည်းတွေပါပဲ။ တစ်ယောက်နဲ့ တစ်ယောက် သပ္ပါယ သင့်ပုံခြင်း မတူတော့ ကိုယ်ကြိုက်တဲ့နည်းနဲ့ ပယ်ရုံပါပဲ။
ကိုယ့်ကိုယ်ကို အသစ်ပြန် တည်ဆောက်တဲ့ သူဟာ အလုပ်နှစ်ခုကို လုပ်ရပါမယ်။ တစ်ဖက်က ဝင်လာတဲ့ အကုသိုလ်တွေကို ပယ်ပစ်ရမှာဖြစ်သလို တစ်ဖက်ကလည်း ပိုက်ဆံမကုန်တဲ့ သိက္ခာသုံးပါးကို ပွားများ အားထုတ်ရမှာပါ။
အသစ် တည်ဆောက်ဖို့ မိနစ် နှစ်ဆယ် စောထပါ။
အထူးသဖြင့် သိက္ခာသုံးပါးကို ဖြည့်ကျင့်ပြီး ကိုယ့်ကိုယ်ကို အသစ်ပြန်တည်ဆောက်ရမှာပါ။
သိက္ခာ သုံးပါး တည်ဆောက်တဲ့ နေရာမှာ မနက်အိပ်ရာထ ကိုယ်လက် သန့်စင်ပြီးတဲ့အခါ တည်ဆောက် တာက အကောင်းဆုံးပါပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ မနက်အိပ်ရာ ထစဆိုတော့ ဘာအာရုံမှမတွေ့ သေးပါဘူး။ ဒီတော့ အာရုံကြောင့်ဖြစ်တဲ့အကုသိုလ် မဝင် သေးပါဘူး။ အကုသိုလ်ဝင်မ လာသေးတဲ့ အတွက် စိတ်ကလည်း ကြည်လင် နေပါတယ်။ ဒါကြောင့် ကိုယ်လက် သန့်စင်ပြီးရင် ဘုရားခန်းထဲ တန်းဝင်လိုက်ပါ။
ဒါပေမယ့် လူတိုင်းလူတိုင်းဟာ အလုပ်ကိုယ်စီရှိကြတဲ့အတွက် မအားကြပါဘူး။ မအားတဲ့ကြားထဲက အချိန်ယူဖို့ ဆိုတာလည်း မလွယ်လှပါဘူး။ ဒါကြောင့် အချိန်ပို တစ်ခု ရဖို့အတွက် မနက်ကို မိနစ်နှစ်ဆယ် စောထ လိုက်ပါ။ မိနစ် နှစ်ဆယ်လောက်တော့ ကိုယ့်အတွက် အိပ်ချိန်ထူးပြီး မထိခိုက်ပါဘူး။ အိပ်ချိန် မထိခိုက်သလို မိသား စုအလုပ်၊ ကိုယ်ပိုင်အလုပ်ကိုလည်း မထိခိုက်တော့ပါဘူး၊ ဒါမှမဟုတ် မိနစ်နှစ်ဆယ် စောအိပ်ရာဝင်လိုက်ပါ။
ဒီတော့ ကိုယ်လက်သန့်စင်ပြီး တာနဲ့ ဘုရားခန်းထဲ တန်းသွားလိုက်ပါ။ ပြီးတော့ ဘုရားကို ဦးသုံးကြိမ်ချပြီး ငါးပါးသီလ ယူလိုက်ပါ။ ဦးချတာ သီလယူတာက သုံးမိနစ်လောက် ရှိပါလိမ့်မယ်။ ဒါဆို သီလသိက္ခာတည်သွား သလို သီလဝိသုဒ္ဓိ= သီလဖြူစင်သူလည်း ဖြစ်သွားပါပြီ။
နောက် - ဂုဏ်တော်ကို ငါးမိနစ်၊ မေတ္တာကို ငါးမိနစ်၊ မရဏာ နုဿတိကို နှစ်မိနစ်၊ ဝိပဿနာကို ငါးမိနစ် ပွါးလိုက်ပါ။ ဒါဆို အားလုံးပေါင်း မိနစ် နှစ်ဆယ်ရှိပါလိမ့်မယ်။
မိနစ်နှစ်ဆယ်အချိန်ပေးလိုက်တာနဲ့ ကိုယ့်ကိုယ်ကို အသစ် တည်ဆောက်ပြီးသား ဖြစ်သွားသလို သီလဖြူ စင်သူလည်းဖြစ်၊ သိက္ခာ သုံးပါးတည်သူလည်း ဖြစ်သွားတော့တာပါ။
လူဆိုတာ ကောင်းတာပဲဖြစ်ဖြစ်၊မကောင်း တာပဲဖြစ်ဖြစ် စွဲနေတတ်ပါတယ်။ စာရေးသူက မနက်(၁၀)နာခွဲ မှာတစ်ကြိမ်ရေချိုးသလို နေ့လည်(၁)နာရီခွဲ မှာလည်း တစ်ခါထပ် ချိုးပါတယ်။ နေ့လည်(၁)နာရီခွဲ ရေမချိုးရရင် မနေတတ်တော့ပါဘူး။ တရားပွဲရှိတဲ့နေ့ဆို တရား ဟောခါနီးညနေ(၆)နာရီလောက် ရေချိုး သွားတိုက်ပြီးမှ ဟောလေ့ ရှိပါတယ်။ ဒါတွေကတော့ ဦးဇင်း အရှင် ဆန္ဒာဓိကက တရား မဟောခင် သွားတိုက်တာက အစလုပ်ခိုင်းလို့ စွဲနေတာပါ။
အမေရိကန် နိုင်ငံ၊ ပေါ့တလန်မြို့၊ သီရိမင်္ဂလာကျောင်း ရောက်တော့ တရားပွဲရှိတဲ့ နေ့ဆို စာရေးသူက မနက် (၁၀)နာရီခွဲတစ်ခါ၊ နေ့လည်(၁)နာရီခွဲတစ်ခါ၊ ညနေ(၆)နာရီတစ်ခါ တစ်နေ့သုံးခါချိုးနေတော့ ကျောင်းထိုင် ဆရာတော် ဘုန်းကြီး ဦးသိရိန္ဒက ကျောင်းမှာ အဆင်မပြေလို့ စိတ်ညစ်လို့ ရေချိုးတယ် ထင်နေတော့ တာပါ။ အဲဒီအချိန် ကစာရေးသူရဲ့ “စိတ်ညစ်ရင် ရေချိုးပါ”စာအုပ်က ထွက်ပြီးစပါ။ စွဲနေတာကို ပြောတာပါ။
ဒီလို ရေချိုး နေတာကို ဓမ္မဘေရီ ဆရာတော်ကြားတော့ အရှေ့နေ၊ အနောက်နေ၊ ကျနေ တွေနဲ့ရှင်းပြပြီး မချိုးဘို့ လှမ်းတားပါတယ်။ ဆရာ သမားမို့ ‘မှန်ပါ့မှန်ပါ့’သာပြော လိုက်ရတယ်၊ ကိုယ်လုပ်နေကျ ရေချိုးမှုကိုတော့ ဒီနေ့အထိ မစွန့်နိုင်ခဲ့ပါဘူး။ စွဲနေတာပါ။
ဒီလိုပါပဲ။ မနက်မိနစ်နှစ်ဆယ် စောထပြီး သိက္ခာသုံးပါး ဆောက်တည်တာလေးကို စွဲနေအောင် လုပ်ထား လိုက်ပါ။ စွဲသွားရင် စွဲသွား တော့တာပါပဲ။ စာရေးသူတောင် ရေချိုးတာကို စွဲနေသေးတာပဲ။
ဘဝရဲ့ တစ်နေ့တာကို သိက္ခာ သုံးပါးနဲ့ ဖွင့်လိုက်ရတာဟာ ကိုယ့်ကိုယ်ကို သိပ်ကြည်ညိုဖို့ ကောင်းတာပါ။ ကိုယ့်ဘဝ အသစ်ပြန်တည်ဆောက်ဖို့ မိနစ် နှစ်ဆယ်လေးတော့ အချိန်ပေးသင့်ပါတယ်။
သိက္ခာ သုံးပါးတည်ပြီး တစ်နေ့တာ နောက်ပိုင်း မနှစ်သက်တဲ့ အာရုံကြောင့်ပဲဖြစ်ဖြစ်၊ တွေးလို့ပဲဖြစ်ဖြစ် အကုသိုလ် စိတ်လေးတွေ ဝင်လာရင်လည်း အထက်က အကုသိုလ် ပယ်နည်း တွေထဲက ကိုယ်နဲ့ အဆင်ပြေမယ့် နည်းကိုယူပြီး ပယ်ပယ်သွားရမှာပါ။
လူငယ် စကားနဲ့ ပြောရရင်တော့ ကိုယ်နဲ့ အိုကေမယ့် နည်းကိုယူပြီး ပယ်သွား ဖို့ပါ။
တချို့ အကုသိုလ် တွေကျတော့ ဖြစ်ချင်လွန်းလို့ မဟုတ်ဘဲ မထင်မှတ်ဘဲ ဖြစ်သွားရတာတွေ လည်းရှိပါတယ်။ ဖြစ်ပြီးခါမှ“သြော်…ဒီအကုသိုလ် တွေငါဖြစ်သွားပါလား”ဆိုပြီးကိုယ့်ကိုယ်ကို တအံ့တသြ ဖြစ်ရတာပါ။ ဒါတွေဟာ အတိတ်တိတ် ကပါလာတဲ့ အကုသိုလ်အထုံဓာတ်တွေနဲ့လည်း ဆိုင်ပါတယ်။ ကိုယ်က ဒီဘဝမှာ တရားမျိုးစုံနာ၊ တရားစာအုပ်မျိုးစုံဖတ်၊ တရားတွေ အခါအား လျှော်စွာထိုင်နေပေမယ့် အတိတ် အထုံဓာတ်ဆိုး တွေကြောင့် မထင်မှတ်ဘဲ ဖြစ်သွားရတာတွေပါ။ အတိတ် အထုံ ဓာတ်ဆိုးတွေဟာ သိပ်ကြောက်ဖို့ ကောင်းပါတယ်။ သူ့ရဲ့ လျှပ်တစ်ပြက် ရိုက်ချက်ကြောင့် ပုံကနဲ လဲကျသွားတတ်ပါတယ်။
ဒါပေမယ့် လဲကျသွားရင် စိတ်ဓာတ်မကျဘဲပြန်ထနိုင်ဖို့ သိပ်အရေး ကြီးပါတယ်။ ပြန်ထတဲ့ အခါ သိက္ခာသုံးပါး ကိုကိုင်ပြီး ထရမှာပါ။ သိက္ခာသုံးပါးကလည်း ကိုယ့်ကို အဆင်သင့် လက်ကမ်းထားပြီးသားပါ။ကိုယ်က သူကမ်းတဲ့ လက်ကို ဆွဲယူလိုက်ရမှာပါ။
တကယ်တော့ ကိုယ်လဲကျရင် ကိုယ့်ကိုပြန်ထူပေးမယ့် သိက္ခာသုံးပါး ကရှိပြီးသားပါ။ ဒါကို ကိုယ်က သိထား ဖို့ပါ။ ဒီတော့ ကိုယ့်ကိုယ် ကိုသတိနဲ့ နေနိုင်မှ တော်ကာကျတာပါ။
ကျန်တဲ့ အချိန်လေး တွေမှာလည်း တတ်နိုင်သမျှ အမှတ် သတိလေးတွေနဲ့ နေနေရမှာပါ။ အထူးသဖြင့် တစ်ယောက်တည်း လုပ်ရတဲ့ အလုပ်လေး တွေမှာ အမှတ်သတိလေးတွေ ပါနေဖို့ပါ။
ဥပမာ - ရေသောက်တယ် ဆိုတာ တစ်ယောက်တည်း သောက်ရတာဖြစ်လို့ အမှတ် သတိလေးနဲ့ ခွက်ကို လှမ်းယူတာ၊ ကိုင်တာ၊ ရေထည့်တာ၊ ပြန်ယူတာ၊ ခွက်နဲ့ နှုတ်ခမ်းနဲ့ ထိတာ၊ သောက်တာ စသည်တွေကို အမှတ် သတိလေး တွေပါအောင် ကြိုးစားရမှာပါပဲ။
ဒီလိုပါပဲ အိမ်သာတက်တဲ့ နေရာမှာလည်း တစ်ယောက်တည်း ဆိုတော့ အမှတ် သတိပါအောင် ကြိုးစားရ မှာပါပဲ။ တံခါး ဖွင့်တာ ပြန်ပိတ်တာ လုံချည်ပင့်တာ ထိုင်တာ စွန့်ခြင် စိတ်ကို မှတ်တာ စွန့်တာကို မှတ်တာ စသည်ဖြင့် အမှတ်သတိနဲ့ မှတ်သွားရုံပါ။ ဒီတော့ အိမ်သာထဲ မှာတင် ဘာဝနာကုသိုလ်တွေ ဖြစ်နေတော့ တာပါ။ ကုသိုလ်က ယူမယ်ဆိုရင် အိမ်သာထဲ မှာတောင် သတိရှိရင် ယူလို့ ရတာပါပဲ။ အကျိုး ရလဒ်ကတော့ တစ်ချက်မှတ် တစ်ချက် ကုသိုလ် ရသလို တစ်ချက် မှတ်တစ်ချက် အကုသိုလ်ကို ပယ်လိုက်တာပါပဲ။
အများနဲ့ လုပ်ရတဲ့ အလုပ်တွေမှာတော့ လိုက်မှတ်ဖို့ မလွယ်လှပါဘူး။ တစ်ယောက်ထည်း လုပ်ရတဲ့ အလုပ်ေ တွမှာတော့ တတ်နိုင်သမျှ အမှတ် သတိလေးတွေ ပါအောင် ကြိုးစားရပါမယ်။
ဘာပဲဖြစ်နေဖြစ်နေ ငါတရားအားထုတ်ဖို့ အဓိက
အမှန် ပြောရရင် စာရေးသူက ကိုယ့်ကိုယ်ကို သိပ်မကြည်ညို လှပါဘူး။ ဒါ တကယ် ပြောတာပါ။ တစ်ခါတစ်ခါ ကိုယ့်ရင်ထဲ ကိုယ် မလိုချင်တဲ့ ကိုယ်သိပ်မုန်းတဲ့ အကုသိုလ် စိတ်တွေ ဝင်လာရင် သိပ်စိတ်ဆင်းရဲ ရပါတယ်။
ရဟန်း လည်းဖြစ် ဒါတင်မက ပရိသတ် အသိအမှတ်ပြုတဲ့ စာရေးဆရာ ရဟန်းတစ်ပါးလည်ြး ဖစ်ပြီး “ဒီအကု သိုလ်မျိုး တွေဝင်လာရ ပါ့မလား”ဆိုပြီး တွေးရင်း တွေးရင်း စိတ်ဆင်းရဲ ရတော့တာပါ။ ဒါကြောင့် အကုသိုလ် ပယ်နည်းတွေကို ရနိုင် သမျှစု ထားတာပါ။ နောင်လည်း ဆက်စုနေဦးမှာပါ။ စုလို့ရသမျှ ပယ်နည်းတွေကိုလည်း ချစ်တဲ့ စာဖတ်သူ တွေဆီကို ရေးပို့နေဦးမှာပါ။
အဲဒီလို အကုသိုလ် စိတ်ဝင်လာလို့ စိတ်ဆင်းရဲ ရပြီဆိုရင် ကိုယ့်ကိုယ်ကို တရား ပြန်ဟောတဲ့ တရားလေး တစ်ပုဒ် ရှိပါတယ်။ ဘာလဲဆိုတော့ “ ဘာပဲဖြစ်နေ ဖြစ်နေ ငါ တရားအား ထုတ်ဖို့အဓိက” ဆိုတဲ့ စကားလေးပါ။ အဲဒီ စကားလေးကို ထပ်ကာ ထပ်ကာ ရွတ် နေလိုက်ရင် စိတ်က သက်သာ သွားတာများပါတယ်။
အခုတလော တရားပွဲ တွေမှာဆို တရားဆုံးခါနီးမှာ ဒါကိုပဲ ထပ်ကာ ထပ်ကာ ဟောနေလိုက်တာပါ။ ကိုယ့်ကိုယ်ကိုလည်း ဟောပြီး သားဖြစ်၊ တရားနာ ပရိသတ်ကိုလည်း ဟောပြီးသားဖြစ်နဲ့ သိပ်သဘောကျတာပါ။
ဒါကိုပဲ ထပ်ကာ ထပ်ကာ ဟောနေတော့ စာရေးသူရဲ့ ကပ္ပိယ တစ်ယေက်ဖြစ်တဲ့ ကွန်ပျူတာ ပညာရှင် တစ်ယောက်လည်း ဖြစ်တဲ့ ကိုအောင်သိန်းက သူ့ရဲ့မွေးနေ့မှာ ဒီ “ဘာပဲဖြစ်နေ ဖြစ်နေ ငါ တရား အားထုတ်ဖို့ အဓိက” ဆိုတဲ့ စာသားလေးကို ဆိုင်းဘုတ် ကလေး လုပ်ပြီး လာလှူပါတယ်။ ယောဂီတွေ တရားထိုင်တဲ့ နေရာမှာပဲ ချိတ်ပေး ထားလိုက်ပါတယ်။
“ဘာပဲဖြစ်နေဖြစ်နေ ငါ တရားအားထုတ်ဖို့ အဓိက”ဆိုတဲ့ နေရာမှာ ဘာပဲဖြစ်နေ ဖြစ်နေမှာ နှစ်ပိုင်း ရှိပါတယ်။ ကိုယ်ဘာပဲ ဖြစ်နေဖြစ်နေ ကိုယ်တရားအားထုတ်ဖို့ အဓိက၊ သူများ ဘာပဲဖြစ်နေ ဖြစ်နေ ကိုယ် တရားအားထုတ်ဖို့ အဓိကပါ။
ကိုယ်ဘာပဲ ဖြစ်နေ ဖြစ်နေမှာ ကိုယ့်ဘဝမှာ ငွေကြေး အဆင်ပြေတာ လည်းရှိမယ်၊ မပြေတာလည်း ရှိမယ်။ အိမ်ထောင်ရေး အဆင်ပြေတာလည်း ရှိမယ်၊ မပြေတာလည်း ရှိမယ်။ လူမှုရေး အဆင်ပြေ တာလည်းရှိမယ်၊ မပြေတာလည်း ရှိမယ်၊
အလုပ်အဆင်ပြေတာလည်း ရှိမယ်၊ မပြေတာလည်းရှိမယ်။ ရာထူးဌာနန္တရ အဆင်ပြေတာ လည်းရှိမယ်၊ မပြေတာလည်းရှိမယ်။ ဘာပဲဖြစ်နေဖြစ်နေ ကိုယ်တရား အားထုတ်ဖို့ အဓိကပါပဲ။ တချို့ကိစ္စတွေက ကံနဲ့လည်း ဆိုင်ပါတယ်။ သူ့ဟာသူ ကံဆိုးချင် ဆိုးနေပါစေ ကိုယ်တရား အားထုတ်ဖို့က အဓိကပါပဲ။
နောက်တစ်ပိုင်းက သူများ ဘာပဲဖြစ်နေဖြစ်နေ ကိုယ်တရား အားထုတ်ဖို့က အဓိကပါ။ သူများတွေ ဘယ်လို အခြေအနေ အနေ အထားတွေပဲ ရောက်နေ ရောက်နေ၊ ဥက္ကဋ္ဌတွေ အတွင်းရေးမှုးတွေပဲ ဖြစ်နေ ဖြစ်နေ ကိုယ် တရားအားထုတ်ဖို့ အဓိကပါပဲ။
ဒီနေရာမှာ သူများ ဘာပဲဖြစ်နေ ဖြစ်နေ ကိုယ်တရား အားထုတ်ဖို့အဓိက ဆိုတော့“နည်းနည်းများ အတ္တဆန် မနေဘူးလား” လို့ မေးစရာရှိပါတယ်။
“ ဒါနအရာ ဝမ်းမြောက်တာ မှန်စွာ အဓိက ဖြစ်ပေသည်။ ဝိပဿနာအရာ ဥပေက္ခာ မှန်စွာ အဓိက ဖြစ်ပေသည်” ဆိုတဲ့ အတိုင်း ဝိပဿနာ တရား အားထုတ်တဲ့ နေရာမှာတော့ ဥပေက္ခာက အဓိကပါ။
တရား အားထုတ် နေစဉ်ကာလမှာ အားလုံးကို ဥပေက္ခာ ပြုထားရမှာပါ။ ဒီတော့ ကိုယ်တရား အားထုတ်နေစဉ် ကာလမှာ ကိုယ့်ခင်ပွန်း ကိုလည်း ဥပေက္ခာ ပြုထားရမှာပါ၊ ကိုယ့်ဇနီး ကိုလည်း ဥပေက္ခာ ပြုထားရမှာပါ။ ကိုယ့် သားသမီး ကိုလည်း ဥပေက္ခာ ပြုထား ရမှာပါ။ ကိုယ့်ချစ်သူ ကိုလည်း ဥပေက္ခာ ပြုထားရမှာပါ။ အားလုံး အားလုံးကို ဥပေက္ခာ ပြုထားရမှာပါပဲ။ဘာပဲ ဖြစ်နေဖြစ်နေ တရား အားထုတ်နေရင် ဘဝက အဓိပ္ပါယ် ရှိနေတာပါပဲ။ ကိုယ့်ဘဝကိုယ် မကြည်ညိုလို့ အသစ်ပြန်တည်ဆောက်တဲ့ နေရာမှာ သီလကိုအခြေခံပြီး ဝိပဿနာ တရားတွေ အားထုတ်ရင်းနဲ့ ပြန်တည်ဆောက် ရမှာပါပဲ။
ဝိပဿနာ တရား အားထုတ်တဲ့ နေရာမှာ တချို့က အားထုတ်လို့ ကောင်းတာလည်းရှိမယ်၊ အားထုတ် လို့ မကောင်း တာလည်းရှိမယ်။ ဒါနဲ့ ပတ်သက်လို့ ပုဂ္ဂိုလ်လေးမျိုး ရှိပါတယ်။
(၁) တရား ရှုမှတ်တဲ့ အခါမှာ ငြိုငြို ငြင်ငြင် ပင်ပင် ပန်းပန်းလည်း ရှုမှတ်ရတယ်၊ တရားလည်း အတွေ့နှေး တယ်၊ ဒါက တစ်ယောက်ပါ။ သူ့ကို ဒုက္ခပဋိပဒါဒန္ဓာဘိညာ လို့ခေါ်ပါတယ်။
(၂) တရား ရှုမှတ်တဲ့အခါမှာ ငြိုငြို ငြင်ငြင် ပင်ပင်ပန်းပန်း ရှုမှတ်ရတယ် ။ ဒါပေမယ့် တရားကျတော့ အတွေ့ မြန်တယ်။ ဒါက တစ်ယောက်ပါ။ သူ့ကို ဒုက္ခပဋိပဒါ ခိပ္ပါဘိညာ လို့ခေါ်ပါတယ်။
(၃) တရား ရှုမှတ်တဲ့ အခါမှာတော့ ချမ်းချမ်း သာသာ လွယ်လွယ် ကူကူတော့ ရှုမှတ် ရပါတယ်။ ဒါပေမယ့် တရားကတော့ အတွေ့ နှေးနေပါတယ်။ ဒါက တစ်ယောက်ပါ။ သူ့ကို သုခါပဋိပဒါ ဒန္ဓာဘိညာ လို့ခေါ်ပါတယ်။
(၄) တရား ရှုမှတ်တဲ့ အခါမှာ ချမ်းချမ်း သာသာ လွယ်လွယ် ကူကူလည်း ရှုမှတ်ရတယ်။ တရားလည်း မြန်မြန် တွေ့တယ်။ ဒါက တစ်ယောက်ပါ။ သူ့ကိုကျတော့ သုခါပဋိပဒါခိပ္ပါဘိညာ လို့ ခေါ်ပါတယ်။
တရား ရှုမှတ်တဲ့ နေရာမှာ အဲဒီလို လေးမျိုး ဘာဖြစ်လို့ ကွဲနေရတာလဲ ဆိုတော့ အတိတ်အတိတ် ဘဝတွေနဲ့ ဆိုင်နေပါတယ်။
၁။ အတိတ်တိတ် ဘဝတွေက သမထလည်း အားမထုတ် ခဲ့ဖူးဘူး။ ဝိပဿနာလည်း အားမထုတ်ခဲ့ဖူးဘူး ဆိုရင် အဲဒီပုဂ္ဂိုလ်ဟာ တရားရှုမှတ်တဲ့အခါ မှာ ငြိုငြို ငြင်ငြင် ပင်ပင်ပန်းပန်းလည်း ရှုမှတ်ရတယ်။ တရားလည်း အတွေ့နှေးပါတယ်။
၂။ အတိတ်တိတ် ဘဝတွေက ဝိပဿနာ တရားတော့ အားထုတ်ဖူးတယ်၊ သမထကိုတော့ အားမထုတ် ခဲ့ဖူး ဘူးဆိုရင် တရား ရှုမှတ်တဲ့အခါ ငြိုငြို ငြင်ငြင် ပင်ပင်ပန်းပန်းတော့ ရှုမှတ်ရတယ်၊ တရားတွေတော့ အတွေ့မြန်ပါ တယ်။
၃။ အတိတ်တိတ် ဘဝတွေက သမထကိုတော့ အားထုတ်ခဲ့ဖူးတယ်။ ဝိပဿနာတရားကိုတော့ အားမထုတ် ခဲ့ဖူးဘူးဆိုရင် တရား ရှုမှတ်တဲ့အခါ ချမ်းချမ်း သာသာ လွယ်လွယ်ကူကူတော့ ရှုမှတ်ရတယ်။ တရား ကျတော့ အတွေ့ နှေးတတ်ပါတယ်။
၎။ အတိတ်တိတ် ဘဝတွေက သမထလည်း အားထုတ်ခဲ့ဖူးတယ်။ ဝိပဿနာလည်း အားထုတ်ခဲ့ဖူးတယ် ဆိုရင်တော့ တရားရှုမှတ်တဲ့ အခါ ချမ်းချမ်းသာသာ လွယ်လွယ်ကူကူ လည်း ရှုမှတ်ရတယ် တရားလည်း အတွေ့ မြန် ပါတယ်။
ဒီသဘောတွေ သိထားတော့ တရားအား ထုတ်တဲ့အခါ အခက်အခဲ တွေ့ရပေမယ့် ဘာမှ စိတ်ပျက် အားငယ် စရာ မလိုတော့ပါဘူး။ ဒီဘဝမှာ တရားထူးရအောင် အားမထုတ်နိုင်ရင်တော့ နောက်ဘဝ နောက်ဘဝတွေမှာ ချမ်းချမ်းသာသာ လွယ်လွယ်ကူကူ အားထုတ်ဖို့ တရားတွေ အတွေ့မြန်ဖို့ အထောက်အပံ့ကောင်းတွေ ရသွားတော့ တာပါ။
တချို့ကျတော့ သမထတရားကို သိပ်အားထုတ်တာပါ။ ဘုရားတွေ၊ စေတီတွေ၊ တောင်တွေမှာ လိုက်ပြီး နာရီပေါင်းများစွာ ရက်ပေါင်း များစွာ ဝီရိယ ရှိရှိနဲ့ အားထုတ်ကြတာပါ။ သူမတူအောင် ဝီရိယရှိကြတဲ့ သူတွေပါ။
ပြောရရင် သမထနဲ့ပဲ လမ်းဆုံးနေတာပါ။ အဲဒီ ဝီရိယတွေနဲ့ သမထက တစ်ဆင့် ဝိပဿနာဘက် ကူးသွားနိုင်ရင် သိပ်ကောင်း တာပါ။ ဝီရိယ ကရှိပြီးသား ဆိုတော့ ဝိပဿနာ တရားမှာလည်း အခက်အခဲမရှိ လောက်တော့ပါဘူး။ အဓိကသ မထနဲ့ပဲ လမ်းဆုံးမနေဖို့ပါ။
ဒီလိုပါပဲ “တို့ကတော့ ဝိပဿနာလိုင်းပဲ” ဆိုပြီး သမထကို လျှော့ချ မထားရပါဘူး။ တရားအား ထုတ်တဲ့ အခါ ဝိပဿနာ တရားကိုပဲ ဆက်ကာ ဆက်ကာ အားထုတ်ေ နရမယ်လို့ မဆိုပါဘူး။ တရားအားထုတ် တယ်ဆိုတာ အမြဲတမ်းတော့ ကောင်းမနေနိုင်ပါဘူး။ တစ်ခါတလေလည်း တရား အားထုတ်ရင်းနဲ့ စိတ်ပင်ပန်း ငြီးငွေ့မှုတွေ ဖြစ်လာတတ် ပါတယ်။ စာမှာတော့ အဲဒီလို အခါမျိုးမှာ ဝိပဿနာ တရားကို ခဏရပ်ထားပြီး သမထတရားကို ပြန်အားထုတ် ရမယ်လို့ ဆိုပါတယ်။ စာမှာ ဥပမာ ပေးထားတာကတော့ စစ်သား တစ်ယောက်ဟာ စစ်တိုက်လို့ မောပန်း လာတဲ့အခါ ကတုတ်ကျင်းထဲပြန်ဝင်၊ အမောဖြေ၊ အစာရေစာစား၊ ကျည်ဆန်ဖြည့်၊ အမော ပြေတဲ့အခါ အားအင်တွေပြည့်တဲ့အခါ ကတုတ်ကျင်းထဲက ပြန်ထွက်ပြီး စစ်ပြန်တိုက်ရသလို တရားအားထုတ်နေတဲ့ ယောဂီဟာလည်း ဝိပဿနာတရား အားထုတ်လို့ စိတ်ပင်ပန်း ငြီးငွေ့လာရင် စစ်သားဟာ ကတုတ်ကျင်းထဲ ပြန်ဝင်ပြီး အမောဖြေ အနားယူရသလို ဝိပဿနာတရားကို ခဏရပ်ပြီး သမထကို ပြန်အားထုတ်ပါတဲ့။ သမထအားထုတ်လို့ စိတ်ပြန်ကြည်လင်လာပြီဆိုမှ ဝိပဿနာတရားကို ပြန်အားထုတ်ပါတဲ့။
ဒီအဋ္ဌကထာ အဖွင့်လေးကို မှတ်ထားပြီး ဝိပဿနာ အားထုတ်လို့ စိတ်ပင်ပန်း ငြီးငွေ့လာရင် ဝိပဿနာကို ခဏ ရပ်ထားပြီး သမထကို ပြန်အားထုတ်ဖို့ပါ။ ဂုဏ်တော်ပဲပွါးပွါး၊ မေတ္တာပဲပွါးပွါး၊ ကိုယ်နှစ်သက်ရာ သမထ တစ်ခုခုကို ပွါးလိုက်ဖို့ပါ။
ဂုဏ်တော်ပွါးလိုက်ရင် စိတ်က ပြန်ကြည်လင် လာတာပါပဲ။ ကိုယ့်ဘဝကိုယ် ကြည်ညို တာလည်း ရှိမယ် မကြည်ညိုတာ လည်းရှိမယ်။ ကြည်ညိုခြင်း မကြည်ညိုခြင်း တွေဟာ အတိတ်ကာလက ပြုခဲ့ ပြောခဲ့တာတွေနဲ့ လည်း ဆိုင်နေပါတယ်။ အကုသိုလ်ကိုေ တွးရင် အကုသိုလ်ပါ။ ကုသိုလ်ကိုတွေးရင် ကုသိုလ်ပါ။ အကုသိုလ်ကိုတွေးရင် အကုသိုလ်ဆိုတော့ ဘာပြုလို့ ပြုခဲ့ ပြောခဲ့တဲ့ အကုသိုလ်တွေ ပြန်တွေး နေတော့မှာလဲ။ တွေးချင်ရင် ပြုခဲ့ ပြောခဲ့တဲ့ ကုသိုလ်ကိုပဲ တွေးတော့မှာပေါ့။
ဘဝမှာ မှားခဲ့လို့ ကိုယ့်ကိုယ်ကို မကြည်ညိုဘူးဆိုရင် အသစ်ပြန် တည်ဆောက်ရုံပါပဲ။ အထူးသဖြင့် ဝိပဿနာ တရားနဲ့ ပြန်တည်ဆောက် တာ အကောင်းဆုံးပါပဲ။ လောကမှာ ဝိပဿနာ ထက်ကောင်းတာ ဘာမှ မရှိတော့ပါဘူး။ ဝိပဿနာ အားထုတ်ရင် သီလကလည်း တွဲပါနေတာပါပဲ။ အကုသိုလ် ပယ်နည်းတွေလည်း တော်တော်များများ သိထားပြီဆိုတော့ ဝင်လာတဲ့ အကုသိုလ်ကိုလည်း ကိုယ်နဲ့ အဆင်ပြေမယ့် ပယ်နည်း တစ်ခုခု နဲ့ ပယ်ပစ်ရုံပါပဲ။
ကဲ….. စာဖတ်သူကော ကိုယ့်ကိုယ်ကို ကြည်ညိုရဲ့လား? မကြည်ညိုဘူးဆိုရင် အသစ် ပြန်တည်ဆောက် လိုက်ပါ။ ဒါဆိုရင် အသစ်ပြန်ဖြစ်သွား ပါလိမ့်မယ်။
ဘာပဲဖြစ်နေ ဖြစ်နေ စာဖတ်သူရယ် “ ငါ တရားအား ထုတ်ဖို့ အဓိက”ဆိုတဲ့အ တိုင်း တရားသာ အားထုတ် လိုက်ပါတော့။ ဒါကိုတော့ ရင်ထဲက ပြောတာပါ။
ဒါဆိုရင် စာရေးသူသိပ်ကြိုက်တဲ့ စကားလေးနဲ့ပဲ နိဂုံးချုပ်လိုက်ကြပါစို့။
“ဘာပဲဖြစ်နေဖြစ်နေ ငါ တရားအားထုတ်ဖို့ အဓိကပါပဲ ”
ရဝေနွယ်(အင်းမ)
Sunday, August 21, 2011
ရဝေနွယ်အသစ် (ရေးသားသူ- ရဝေနွယ်-အင်းမ)
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment