Wednesday, July 20, 2011

သံယောဇဉ် နှောင်ကြိုး ။ ရေးသားသူ - မေစိုး (Shwe Mandalay)

ကျွန်မ Blog လေးထဲ စာတွေ မရေးဖြစ် ခဲ့တာ ကြာခဲ့ပြီ။ ကျွန်မ မေမေ မြန်မာ ပြည်ကနေ စင်္ကာပူ ကို အလည် ရောက်လို. နေတာကြောင့် အော်လိုင်း မတက်နိုင် စာတွေ မရေး နိုင်ခဲ့တာ။ မေမေပြန် သွားတော့လည်း ရင်ထဲမှာ ဟာတာတာ ကြီး ခံစား ရပြန်တယ်။ ဒီလို ခွဲခွာခြင်း မျိုးတွေကို တစ်ခါ မကပဲ ကြုံ ခဲ့ရပေါင်းလည်း များလှပါပြီ။ ကိုယ်တွယ်တာတဲ့ ပတ်ဝန်း ကျင်၊ မိသားစု၊ သူငယ်ချင်း တွေနဲ့ ချစ်ခင် နှစ်သက် သူတွေ၊ ကိုယ်မြတ်နိုး တဲ့ အရာ တွေဟာ အဝေးကို ရောက်သွားတဲ့ အခါ၊ ပူဆွေး ရတယ်။ သောက ဖြစ်ရတယ်။ ဒေါသ တွေလည်း ဖြစ်ရတယ်။ စိုးရိမ်ပူပန် စိတ်တွေလည်း ဖြစ်ရ ပြန်ပါတယ်။ သံယောဇဉ် ဆိုတာလည်း တွယ်မိတွယ်ရာ တွယ်တတ်တဲ့ နွယ်ရိုင်းလို ပဲနော်၊ တွယ်မိပြီ ဆိုတာနဲ့ မဖြေ မလွှတ်ချင်ပဲ၊ မြဲမြံစွာ တွယ် နေတတ် တော့တာပါပဲ ။

ဘ၀ထဲမှာ တစ်ဦး ဘ၀နဲ့ တစ်ဦး နှောင် ကြိုးတွေ ဖွဲ့ပြီး လင်ရယ် မယားရယ် သားရယ် သမီးရယ် အဖေရယ် အမေရယ်နှင့် သံယောဇဉ်တွေ ရစ်ပတ် တုတ်နှောင်လို့ကို မဆုံး။

အဲဒီ အပူတွေကို မရှာ တစ်ကိုယ်တည်း အပျိုကြီး၊ လူပျှိုကြီးတွေ လုပ်ခဲ့သော်ငြား ဒီအပူတွေ ငြိမ်းသလား ဆိုတော့ မငြိမ်း၊ ကျွန်မ သူငယ်ချင်း လက်ကျန် အပျိုကြီး လူပျို ကြီး သူငယ်ချင်းများ များမှာလည်း တူ၊ တူမတွေ အတွက် ပူရ၊ ညီမတွေ အတွက် ပူရနဲ့ မငြိမ်းအောင်လည်း ကိုယ်တိုင်က တိုးဝင်ပျော်ပိုက် နေခဲ့ကြလေရဲ့။

ဒီဘ၀မှာ ခင်မင်ခွင့်ရ သော သူငယ်ချင်းများ အားလုံး အတွက်အ မှတ်တရ လေးတစ်ခု အဲဒါက သံယောဇဉ် တဲ့ စကားလေးက သုံးလုံး တည်းရယ်ပါ။ ဘယ်လောက်ထူတဲ့ တံတိုင်းဖြစ်ဖြစ်၊ ဘယ်လောက်ဝေးတဲ့ မိုင်ဖြစ်ဖြစ် သူရစ်ပတ်ချင်ရင် ရှင်သန်ခြင်းရဲ့ အခြား တစ်ဖက် အထိ ခိုင်မြဲလွန်းလှ ပါတယ်။

ဆွေမျိုး ညီအစ်ကို မောင်နှမ၊ သူငယ်ချင်း မိတ်ဆွေ၊ ချစ်သူ၊ ရန်သူ အဖြစ်နဲ့ တွေ့ဆုံ တော်စပ် ပတ်သက်ခွင့် ရကြတာဟာ အမှုမဲ့ အမှတ်မဲ့ မဟုတ်ပါဘူး။ ဘ၀တစ်ခုခုက ပြုခဲ့ဘူးကြတဲ့ ရေစက် ကံကြောင့်သာ များပြားလှတဲ့ လူ့ဘောင် အဖွဲ့အစည်း အတွင်းမှာ တွေ့ဆုံ ရင်းနှီး ချစ်ခင်ခွင့် ရခဲ့ကြတာ ဖြစ်ပါတယ်။အဲ့လိုပဲ ရေစက် ကုန်ချိန် ရောက်ရင် ဘယ်လို အကြောင်းပြချက် မျိုးနဲ့မှ ဆွဲထားလို့ မရပဲ သေကွဲ၊ ရှင်ကွဲ မျိုးစုံနဲ့ ခွဲခွာကြရဦးမှာပဲနော်။ အဲ့ဒါကြောင့် ခုမခွဲခွာ ရခင် အချိန်လေး အတွင်းမှာ မိမိနဲ့ ပတ်သက်ခွင့် ရခဲ့တဲ့ သူတွေ အပေါ်မှာ တတ်နိုင် သလောက် စိတ်ချမ်းသာမှု.တွေ၊ မေတ္တာတွေ ပေးနိုင်သလောက် ပေးနိုင်အောင် ကြိုးစား သင့်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လူတိုင်းလူတိုင်း ဘယ်သူကမှ ဘယ်သူ့ကို ဘယ်အချိန်မှာ ရေစက်ကုန်လို့ ခွဲခွာကြရမယ် ဆိုတာကို မသိနိုင် ကြပါဘူး။

လူ သတ္တ၀ါတွေ ရဲ့ စေတနာ၊ ကံ ဆိုတာ တစ်ဦးနဲ့ တစ်ဦး ထပ်တူ ဖြစ်ဖို့ အလွန်ပဲ ခဲယဉ်း လှပါတယ်။ ဒါ့ကြောင့် သတ္တဝါ အနန္တနဲ့ နှိုင်းစာရင် အတူတူ သေရသူ ရှားပါတယ်။ တစ်ချိန်တည်း အတူတူ သေနိုင်ဖို. ခက်ခဲလှသလို နောက်ဘဝမှာလည်း လူအတူတူ ပြန်ဖြစ်ဖို့ ခဲယဉ်း လှပါတယ်။ ပြန်ကိုဆုံချင်ပါသေးတယ် ဆိုသူများအဖို့ ဆုတောင်းစရာ မလိုတဲ့၊ စိတ်ထင့်စရာ မလိုတဲ့၊ ဒဏ်ရာမပေးတဲ့၊ အန္တရာယ်ကင်းတဲ့၊ သေချာပေါက် ပြန်ဆုံနိုင်တဲ့ နည်းရှိပါတယ်။ ဘဝတိုင်း ဆုံတွေ့နိုင်စရာ အကြောင်း(၄)ချက်ရှိတယ်လို့ နကုလပိတာနှင့် နကုလမာတာတို့ကို ဗုဒ္ဓရှင်တော် ဟောဖော်မိန့်ကြားခဲ့ပါတယ်။
(၁) တူညီတဲ့ သဒ္ဓါ တရား ရှိခြင်း၊
(၂) တူညီတဲ့ သီလ ရှိခြင်း၊
(၃) တူညီတဲ့ ပေးကမ်း စွန့်ကြဲမှု. ရှိခြင်း၊
(၄) တူညီတဲ့ ဥာဏ်ပညာ ရှိခြင်း တို့ပဲ ဖြစ်ပါတယ်။


ဒီအကြောင်းတွေနဲ့ ပြည့်စုံရင် ဘဝတိုင်း ဆုံနိုင်ပါတယ်။ ဒီအကြောင်းတွေ ချို့တဲ့ရင်တော့ ဘယ်လောက်ပဲ သစ္စာ ပန္နက် ရိုက်ရိုက်၊ ဆုတွေ တောင်းတောင်း မဆုံတွေ့နိုင်ဘူးဆိုတဲ့ အဓိပ္ပါယ် ရပါတယ်။

မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးရဲ့ စကားတော် ဆိုတာ မှားရိုး ထုံးစံ မရှိပါဘူး။ ပြန်ဆုံကြောင်း တရားတွေနဲ့ ပြည့်စုံရင် ပြန်ဆုံဖို့ ဆုတောင်း စရာ မလိုပါဘူး။ အလိုလိုကို ပြန်ဆုံရမှာပါ။

ဒါ့ကြောင့် သံသရာ ဝဋ်ဒုက္ခက မလွတ်နိုင်သေးသမျှ ဘဝဆက်တိုင်း "ဆုံနိုင်ခွင့်"ကို မျှော်လင့်ပြီး ဆုတောင်း မမှားမိ စေဖို့ နဲ့ ပြန်ဆုံကြောင်း တရားတွေကိုပဲ ဖြည့်ဆည်း နိုင်ကြစေဖို့၊ ကျွန်မ သိသလောက်လေး ပြန်လည်မျှဝေ ပေးလိုက် ပါတယ်ရှင်။

ကိလေသာ နှောင်ကြိုး အတွင်းမှ လွတ်ကင်းတော် မူသော မြတ်စွာ ဘုရားရှင် ကိုယ် တော်မြတ်ကြီး၏ ကျေးဇူးတော်အား ရည်မှန်း၍ ဘုရား တပည့်တော် ရို သေ မြတ်နိုး လက်စုံ မိုး ၍ ရှိခိုးကန်တော့ မိပါ၏ ဘုရား ။

မေတ္တာဖြင့်

ရေးသားသူ

မေစိုး (Shwe Mandalay)

ကျွန်မ သူငယ်ချင်း အားလုံး အတွက် ဤ ဆောင်းပါးလေးနဲ့ အတူ 10 - 07- 2011 နေ.က ၀ါဆို သင်္ကန်း ကပ်လှူ တဲ့ ဓတ်ပုံလေး တစ်ချို.ကို အမှတ် တရ အနေနဲ့ ကျွန်မ၏ blog မှာ မှတ်တမ်းတင်လိုက်ပါတယ်။


ကျွန်မ ချစ်သော ရွှေမန္တလေး web site မှ ၀ါဆိုလ အမှတ်တရ

ဆက်ဖတ်ရန်>>>